Sea View condo


27 October, 2020

Sea View Condo ကွန်ဒိုစီမံကိန်းကို တနင်္သာရီတိုင်း မြိတ်မြို့ ကမ်းနားလမ်းတွင် တည်ဆောက်မည်ဖြစ်သည်။

ယင်းကွန်ဒိုစီမံကိန်းကို မြိတ်မြို့မှ ပြည်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီနှင့်စင်ကာပူူနိုင်ငံမှ South Asia International Investment Group တို့မှတာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး ဟောင်ကောင်ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲပေးမည်ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ငါးနှစ်အတွင်းအပြီးသတ် တည်ဆောက်သွားမည် ဟုသိရသည်။

ယင်းစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးသောပင်လယ်ကိုမျက်နှာမူထားသည့် ဈေးဆိုင်ခန်းနှင့် အိမ်ရာပေါင်းစပ်တည်ဆောက်မည့်စီမံကိန်းတစ်ခုဖြစ်ပြီး လမ်းလျှောက်ဈေးသည်များလည်း ပါဝင်မည် ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် ပထမဆုံး ၁၁ ဧကပေါ်တွင် အဆောက်အအုံလေးလုံးစတင်ဆောက်လုပ်မည်ဖြစ်ပြီး အဆောက်အအုံအတွက် ဆောက်လုပ်ရေးပစ္စည်းများကို တရုတ်နိုင်ငံမှ မှာယူထားသည်ဟု သိရသည်။

ထိုစီမံကိန်းသည် ပင်လယ်နှင့် နီးစပ်သောကြောင့် အောက်ခံအတွက် အနက်မီတာ ၆၀ အထိဖောင်ဒေးရှင်းချမည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် ပါဝင်သောအဓိကအဆောက်အအုံများမှာ အထပ်ပေါင်း ၃၂ ထပ်ရှိမည်ဖြစ်ပြီး ငလျင်ဒဏ်ကို အနိမ့်ဆုံး ၆ ဒသမ ၈ ရစ်ချ်စတာစကေးခံနိုင်ရည်အားရှိရန် ပြုလုပ်ထားသည် ဟုသိရသည်။

ထိုစီမံကိန်းတွင် အဆောက်အအုံပေါင်း ၁၂ လုံးပါဝင်မည်ဖြစ်ပြီး ၃၂ ထပ်အဆောက်အအုံ ၈ လုံး၊ ၂၈ ထပ်အဆောက်အအုံ ၂ လုံး၊ ၂၂ ထပ်အဆောက်အအုံ ၂ လုံး ပါဝင်မည်ဖြစ်ပြီး အခန်းပေါင်း ၂၄၀၀ ကျော်ပါဝင်မည် ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းတစ်ခုလုံး၏ အကျယ်အဝန်းမှာ ၂၇ ဧကရှိပြီး အားကစားကွင်းများ၊ ဘောလုံးကွင်းများ၊ ရေကူးကန်၊ ရေအလှမြင်ကွင်းများ၊ ဆေးခန်း၊ အနီလွန်ရောင်ခြည်အီလက်တရွန်နစ်စောင့်ကြည့်ရေးစနစ်များအစရှိသည့် facilities များပါဝင်မည်ဖြစ်သည်။

ထိုစီမံကိန်းဧရိယာအပြင်ကမ်းနားလမ်းတစ်ဖက်ရေပြင်တွင်လည်း အများပြည်သူ အပန်းဖြေနိုင်သည့် ရေပေါ်ပန်းခြံ၊ ဆိပ်ခံတံတားငယ်များကိုလည်း တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် ပါဝင်သောကွန်ဒိုများကို ၂၀၁၇ ခုနှစ်ဇန်နဝါရီလတွင် ပြပွဲပြုလုပ်မည်ဖြစ်ပြီး ဆောက်လုပ်ဆဲကာလတွင် စတင်ရောင်းချပေးမည်ဟုသိရသည်။

ယင်းကွန်ဒိုများတွင် ရိုးရိုးခန်း၊ နှစ်ထပ်ခန်းများပါဝင်မည်ဖြစ်ပြီး အမျိုးအစား ၂၀ ခန့်ရှိကာအနိမ့်ဆုံးအခန်း pricing မှာကျပ်သိန်း ၁၀၀၀ ကျော်မှစတင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

Source:Daily Eleven

Residential Read 44 times