ယင်းတံတားကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
ထိုတံတား၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှုမှာရာနှုန်းပြည့်နီးပါးပြီးစီးနေပြီအချောသပ်လက်စသိမ်းရန် ဆောင်ရွက်နေကြောင်းသိရသည်။
ယင်းတံတားကို မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်အတွင်းခရိုင်ချင်းဆက်လမ်းအမှတ်(၂)မှ တစ်ဆင့်ဒုဌဝတီမြစ်ကိုဖြတ်၍ ကျောက်ဆည်နှင့် ပြင်ဦးလွင်မြို့သို့ ဆက်သွယ်သွားလာနိုင်ရန်အတွက် တည်ဆောက်ခဲ့ကြောင်းသိရသည်။
ထိုတံတားကြောင့် မန္တလေးသို့ဝင်စရာမလိုတော့ပဲ ပြင်ဦးလွင်သို့အချိန်တိုအတွင်းသွားလာနိုင်သည့်အတွက် ဒေသတွင်းကုန်စည်ကူသန်းရောင်းဝယ်ရေးတိုးတက်ပြီးသွားလာရေးအဆင်ပြေမည်ဖြစ်သည်။
ယခုတံတားကြောင့်ကျောက်ဆည်နှင့် ပြင်ဦးလွင်ကိုအချိန်တိုအတွင်းသွားလာနိုင်ပြီးမိုင် ၄၀ နီးပါးခရီးတိုသွားမည်ဖြစ်သည်။
ယင်းတံတားသည်အာစီကွန်ကရစ်အမျိုးအစားဖြစ်ပြီးအခန်းခြောက်ခန်းနှင့် အရှည်ပေ ၆၆၀၊ရေလယ်တိုင်ငါးတိုင်၊ ချဉ်းကပ်တိုင်နှစ်တိုင်ရှိပြီးကားလမ်းအကျယ် ၂၄ ပေနှင့် လူသွားလမ်းသုံးပေစီ ပါဝင်ကာစုစုပေါင်းပေ ၃၀ အကျယ်အဝန်းရှိကြောင်းသိရသည်။
ယင်းတံတားအနီးရှိရွှေစာရံရွာမှ ဒေသခံများကယခင်က ဒုဌဝတီမြစ်ကိုဖြတ်သောတံတားမရှိသောကြောင့် ညပိုင်းတွင် စက်လှေမရှိ၍ တစ်ဖက်ကမ်းသို့ပြန်ရန်အခက်အခဲရှိခဲ့ကြသည်။
ယခုတံတားပြီးစီးသွားပါကအချိန်မရွေးသွားလာရလွယ်ကူတော့မည်ဖြစ်သည်။
ယင်းတံတားကို ၂၀၁၆ ခုနှစ်ဇွန် ၂ ရက်မှစတင်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ခွင့်ပြုဘဏ္ဍာငွေကျပ်သန်းပေါင်း ၂၁၁၂ သန်းခန့်ဖြင့် အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Source:Kyeemon newspaper