ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံ-အမာလမ်းပေါ်ရှိ ဆိပ်မဘေလီတံတားမှာ နိုဝင်ဘာ ၉ ရက် ညပိုင်းတွင် ကျိုးကျသွားခဲ့ပြီးနောက် တံတားအကျိုးအပျက်များအား အမြန်ဆုံးရှင်းလင်းရေးများ ဆောင်ရွက်နေပြီး နှစ်ပတ်အတွင်း ခရီးသွားများအဆင်ပြေချောမွေ့စေရေးအတွက် ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဘေလီတံတားတစ်စင်းအား အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆိပ်မဘေလီတံတားမှာ နိုဝင်ဘာ ၉ ရက် ည ၁၁ နာရီခန့်တွင် ကုန်တင်ယာဉ်မော်တော်ကားတစ်စင်း ဖြတ်သန်းစဉ် တံတားအလယ်သို့အရောက်၍ ကျိုးကျခဲ့မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းဖြစ်သူ ဦးစောတန်ဆာဦးနှင့် ယာဉ်နောက်လိုက်ဖြစ်သူ ဦးခင်ငြိမ်းတို့မှာ အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့သော်လည်း မော်တော်ယာဉ်မှာမူ မြစ်အတွင်းသို့ တံတားအကျိုးအပျက်များနှင့် အတူကျဆင်းသွားခဲ့ရကြောင်း၊ ယင်းတံတားကျိုးပျက်မှုကြောင့် ခရီးသွားလာမှုများ ယာယီရပ်ဆိုင်းခဲ့ရပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အရေးပေါ်စီမံဆောင်ရွက်မှုဖြင့် ခရီးသည်များ သွားလာရေးအဆင်ပြေစေရေးအတွက် ရေယာဉ်သုံးစင်းဖြင့် ယာယီကူးသန်းပေးခဲ့ရကြောင်း၊ အဆိုပါ ပျက်ကျခဲ့သည့် တံတားအဟောင်းအား အမြန်ဆုံးရှင်းလင်းရေးအတွက် တံတားအထူးအဖွဲ့ ၁၆ မှ ဆောင်ရွက်နေပြီး နှစ်ပတ်အတွင်း ခရီးလမ်းများ ပြန်လည်ချောမွေ့စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဘေလီတံတားတစ်စင်းကို အရေးပေါ်တည်ဆောက်ပေးရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။
“တစ်အချက်က အမာဘက်ကိုသွားတဲ့ ခရီးသည်ကို ခရီးသွားတွေ အဆင်ပြေနိုင်စေဖို့အတွက် စက်တပ်ရေယာဉ်သုံးစင်းနဲ့အခု စီစဉ်ထားတယ်။ ချက်ချင်းစီစဉ်ထားတာရှိတယ်။ ပထမတော့ ရေပေါ်တံတား ချက်ချင်းဆောက်ဖို့ စီစဉ်ကြည့်တော့ သင်္ဘောတွေဖြတ်သွားတဲ့အတွက် အဆင်မပြေဘူး။ ရေပေါ်တံတားဆိုတာ ဗောတွေကိုစပ်ပြီးတော့ ချိတ်ဆက်ပြီး တံတားလုပ်တာ အဲဒီလိုလုပ်ရင်ကျတော့ သင်္ဘောတွေက ဖြတ်လို့မရပြန်ဘူး။
အဲ့ဒါကြောင့်မို့လို့ အခုချက်ချင်း တံတားအထူးအဖွဲ့ ၁၆ ကနေပြီးတော့ ဆင်းပြီးတဲ့အခါမှာ ချက်ခြင်းရှင်းလင်းရေးတွေလုပ်နေတယ်။ ကရိန်းတွေရော ဇက်တွေရော လာပြီးတဲ့အခါမှာ ရှင်းလင်းရေးလုပ်ပြီးတဲ့အခါမှာ အများဆုံး နှစ်ပတ်အချိန်ယူပြီးတော့ ပြန်လည်ခရီးစဉ်ချော့မွေ့ဖို့အတွက် ကြိုးစားပြီးတော့ ဆောင်ရွက်ပေးမယ်။ ဘေလီတံတားပြန်ထိုးဖို့” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
ကျိုးကျခဲ့သည့် ဆိပ်မတံတားမှာ အလျားပေ ၂၈၀၊ အကျယ် ၁၂ ဒသမ ၄ ပေရှိပြီး နာဂစ်မုန်တိုင်းပြီးချိန်တွင် အရေးပေါ်တည် ဆောက်ခဲ့သည့် တံတားဖြစ်ကြောင်း သိရသည်။