ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တံတားကြီးငယ် အစင်းပေါင်း ၂၈ စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရှိရပါသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင်ရှိသော တံတားအဟောင်းများကို ဖြိုဖျက်၍ အသစ်တည်ဆောက်ခြင်းနှင့် လိုအပ်နေသော နေရာများတွင် တံတားသစ်များ တည်ဆောက်ခြင်းတို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနထံမှ သိရှိရပါသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်သွားမည့်တံတားများမှာ ပေ ၅၀၀ အထက် တံတားနှစ်စင်း၊ ပေ ၁၈၀ အထက် တံတားသုံးစင်း၊ ပေ ၁၈၀ အောက် တံတား ၂၂စင်း စုစုပေါင်း ၂၇ စင်းရှိကာ၊ BOT စနစ်ဖြင့် တည်ဆောက်သွားမည့် ဂုတ်ထိပ်တံတား တစ်စင်းအပါအဝင် စုစုပေါင်း ၂၈ စင်းရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနထံမှ သိရပါသည်။
ရှမ်းပြည်နယ်တွင်း တည်ဆောက်သွားမည့် တံတားကြီးများ နှစ်ကာလအလိုက် စီမံကိန်းများမှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုင်းရှူးကြိုးတံတားကို နှစ်နှစ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း တာကော်တံတားကို သုံးနှစ်၊ တာဆန်းတံတားကို သုံးနှစ်ဖြစ်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဂုတ်ထိပ်တံတားအား သုံးနှစ်ခွဲ အချိန်ယူ တည်ဆောက်သွားရမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ် တည်ရှိပြီး ကြိုးဆိုင်းတံတား Cable Stayed Bridge ဖြစ်ကာ တံတားအရှည် ၈၈၇ မီတာရှည်ပြီး တံတားအကျယ် ယာဉ်သွားလမ်းအကျယ် ၂၆ မီတာရှိကြောင်း၊ ယခင်တည်ရှိပြီး တောင်တက်လမ်းအတိုင်း အသုံးမပြုတော့ဘဲ ဖြတ်လမ်းသဖွယ် ကြိုးတံတားကို အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရပါသည်။
သံလွင်တံတား(တာဆန်း)သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း(တာဆန်း-မိုင်းတုံ-မိုင်းဆတ်လမ်းအပိုင်း)တံတားအမှတ်(၁/၁၈၇)၊ သံလွင်တံတား(တာဆန်း)ဖြစ်ကာ တံတားအမျိုးအစားမှာ Suspension Bridge ကြိုးတံတားဖြစ်ပြီး တံတားအရှည် ၂၆၃ ဒသမ ၁၅ မီတာရှိပြီး၊ တံတားအကျယ် ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းတစ်ဘက် ၁ ဒသမ ၀ မီတာဖြစ်ပြီး တံံတားခံနိုင်ဝန် ၇၅ တန် ယာဉ်တစ်စီးချင်း သွားလာနိုင်ကြောင်းသိရှိရပါသည်။
သံလွင်တံတား(တာကော်)သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ တံတားအမှတ်(၃/၂၈၄)၊ သံလွင်တံတား(တာကော်)ဖြစ်ကာ၊ တံတားအမျိုးအစား ကြိုးတံတားဖြစ်ကာ၊ တံတားအရှည် ၃၂၀ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းတစ်ဖက် ၁ ဒသမ ၀ မီတာဖြစ်ပြီး တံတားခံနိုင်ဝန် ၇၅ တန် ယာဉ်တစ်စီးချင်း သွားလာနိုင်ကြောင်းသိရှိရပါသည်။
"တံတားကြီးဆိုရင် ဂုတ်ထိပ်တံတားကို BOT စနစ်နဲ့ တည်ဆောက်ပါမယ်။ နောက် တာဆန်းတံတား ရှိမယ်။ ရှမ်းတောင်နဲ့ ရှမ်းအရှေ့ကိုဆက်တဲ့ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်က တာဆန်းတံတား၊ ရှမ်းတောင်နဲ့ရှမ်းအရှေ့ကိုဆက်ပေးတဲ့ တာကော်တံတား။ ဒီတံတားတွေက ခံနိုင်ဝန်ကျဆင်းလာတဲ့အတွက် တံတားအသစ်တည်ဆောက်ရခြင်းဖြစ်ပါတယ်။ ခုတံတားတွေရဲ့ သက်တမ်းတွေက နှစ်ငါးဆယ်ကျော်လာပြီး ၅၄ နှစ်လောက်ရှိပြီဖြစ်ပါတယ်။ ဒါ့ကြောင့် တံတားအသစ်တည်ဆောက်ရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက မိုင်းရှူးတံတားပါ။ မြို့အနေနဲ့ဆိုရင် မိုင်းရှူးမြို့နယ်တံတားပေါ့။ အဲ့ဒီ တံတားလေးက တစ်လမ်းသွားလေးဖြစ်ပါတယ်။ မောင်းလမ်းကျဉ်းနေလို့ တံတားကို ဘေးကနေ အသစ်တစ်စင်းတည်ဆောက်ပေးမှာဖြစ်ပါတယ်။ ထို့နောက် နမ္မတူမြို့အဝင်တံတားဖြစ်ပါတယ် ၁၃ တန်ပဲ ခံနိုင်တဲ့ ဘေလီတံတားလေးပဲ ရှိတာဆိုတော့ အဲ့ဒီအတွက် ဒီဘက်ခြမ်းမှာ ပါမင့်တံတား ၇၅ တန် ခံနိုင်တဲ့ တံတားကို အသစ်တည်ဆောက်ပေးသွားမှာပါ" ဟု တံတားဦးစီးဌာနမှ ဒေါ်တင်သူဇာဝင်းက ပြောကြားထားပါသည်။