ကွန်တိန်နာ အဟောင်းကို ပြန်သပြီး အိမ်နောက်ဘက်မှာ ရေကူးကန် တည်ဆောက်တဲ့သူက Paul Rathnam ဖြစ်ပြီး သူက ငယ်စဉ်ကတည်းက ကတ်ထူဘူးတွေနဲ့ အဆောက်အဦ ပုံစံတွေ တည်ဆောက်ပြီး ကစားခဲ့သူ ဖြစ်ပါတယ်။ အခုတော့ သူက ရေကြောင်းသုံး ကွန်တိန်နာတွေနဲ့ ရေကူးကန်တစ်ခု တည်ဆောက်ခဲ့ပါတယ်။
“ကွန်တိန်နာတွေက ကတ်ထူဘူးအကြီးစားတွေပါ။ အထဲမှာ ပစ္စည်းတွေထည့်ပြီး ကမ္ဘာတစ်လွှား ကုန်စည်တွေ ပို့ဆောင်ပေးတယ်။ ကွန်တိန်နာ အဟောင်းတွေကို ပြန်သပြီး သုံးစွဲလို့ ရတယ်” လို့ သူက ပြောတယ်။
၂၀၁၇ ခုနှစ်မှာ စလို့ Rathnam က ကွန်တိန်နာအဟောင်းတွေကို သုံးစွဲပြီး ရေကူးကန်တည်ဆောက်တဲ့ လုပ်ငန်းကို စတင်လပ်ကိုင်ခဲ့တယ်။ သူနေထိုင်တဲ့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ကွန်တိန်နာ ရေကူးကန်တွေကို အိမ်တွေ နောက်ဘက် မြေကွက်လပ်မှာ တည်ဆောက်ပေးခဲ့တယ်။ ကိုဗစ် ကပ်ရောဂါ ကျရောက်တဲ့အခါ အများသုံး ရေကူးကန်တွေ ပိတ်ထားတော့ အိမ်နောက်ဘက် ရေကူးကန် ထားရှိလိုသူတွေ ပိုများလာခဲ့တယ်လို့ သူက ပြောပြတယ်။
သူက တစ်နေရာမှ တစ်နေရာ ရွှေ့ပြောင်းဖို့ လွယ်ကူတဲ့ ဒီဇိုင်းတွေနဲ့ ကွန်တိန်နာ ရေကူးကန်တွေ တည်ဆောက်ခဲ့တယ်။ ဇိမ်ခံပစ္စည်းအဖြစ် အဆင့်မြှင့်လို့ရအောင်လည်း သူက လုပ်ပေးထားတယ်။ လေထိုးရတဲ့ ပလတ်စတစ်ရေကန်တွေနဲ့ မကျေနပ်နိုင်ကြတဲ့သူတွေအဖို့ သူ့ရဲ့ ကွန်တိန်နာ ရေကူးကန်က အဆင်ပြေတယ်။
သူထူထောင်လုပ်ကိုင်တဲ့ ModPro ကုမ္ပဏီက ကွန်တိန်နာအဟောင်းတွေနဲ့ ရုံးခန်းတည်ဆောက်တဲ့ လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တယ်။ နောက်တော့ သူက ရေကူးကန်တွေကိုပါ ကွန်တိန်နာတွေနဲ့ တည်ဆောက်ဖို့ စိတ်ကူးကို အကောင်အထည်ဖော်ခဲ့ပါတယ်။ တရုတ်ပြည်မှ အမေရိကန်သို့ ပစ္စည်းတင်ဆောင်လာတဲ့ ကွန်တိန်နာတွေထဲမှာ တစ်ကြိမ်သာ အသုံးပြုရသေးတဲ့ ကွန်တိန်နာတွေကို သူဝယ်ယူပြီး ရေကူးကန် တည်ဆောက်တယ်။ တရုတ်နိုင်ငံမှ ရောက်လာတဲ့ ကွန်တိန်နာတွေမှာ အတော်များများက တရုတ်ပြည်ကို ပြန်သယ်သွားဖို့ ကုန်စည်မရတာကြောင့် အမေရိကန်မှာပဲ သောင်တင်နေကြတယ်။ အဲဒီ ကွန်တိန်နာတွေကို ဝယ်ယူပြီး ရုံးခန်းတွေ၊ စာသင်ခန်းတွေအပြင် နေအိမ်တွေကိုပါ ဆောက်လုပ်ကြတယ်။ ဝယ်သူမရတဲ့ ကွန်တိန်နာတွေကတော့ ပစ်ထားရင် သံချေးကိုက်ကုန်တယ်။
သူက နမူနာ တည်ဆောက်ပြထားတဲ့ ကွန်တိန်နာရေကူးကန်တွေကို ဝယ်သူနည်းပါးနေခဲ့တယ်။ အဲဒီတုန်းက ရေကူးချင်ရင် ရေကူးကန်ကို သွားလိုက်ရုံပဲဆိုတော့ အိမ်ခြံဝင်းထဲ ရေကူးကန် မထားချင်ကြဘူး။ ကိုဗစ်ကပ်ဘေးကျရောက်တဲ့အခါကျမှ အိမ်ခြံဝင်းထဲ ရေကူးကန် ထားချင်သူတွေ များလာခဲ့တာ ဖြစ်ပါတယ်။
အိမ်ခြံဝင်းထဲ ရေကူးကန် တည်ဆောက်ပေးရတာဖြစ်လို့ မြေကွက်လပ်အနေအထားအရ ပေ ၂၀ နဲ့ ပေ ၄၀ ကွန်တိန်နာတွေကို အံကိုက်ဖြစ်အောင် ဖြတ်တောက်ရတာတွေ၊ ဆက်ပေးရတာတွေ လုပ်ကိုင်ရတယ်။ အဲဒီလို ဖြတ်တောက်တာ ဂဟေဆက်တာတွေကို ရေကူးကန် တည်ဆောက်တာအတွက် အိမ်ရှင်မိသားစု အနှောက်အယှက်မဖြစ်အောင် ModPro ရဲ့ စက်ရုံထဲမှာပဲ လုပ်ကိုင်တယ်။ ခြံဝင်းထဲမှာ လုပ်ကိုင်ခြင်း မပြုဘူး။ လုပ်စရာရှိတာတွေ အကုန်လုပ်ပြီးမှ ထားရှိမယ့်အိမ်ကို ယူသွားပြီး နေရာချပေးတယ်။ တစ်ရက်အတွင်း အပြီးအစီး လုပ်ကိုင်ပေးတယ်။ ဒီတော့ ကွန်ကရိရေကူးကန် ဆောက်လုပ်ရေးလိုမျိုး ခြံဝင်းထဲ ရက်အတန်ကြာ လာရောက်လုပ်ကိုင်နေတာမျိုး မဖြစ်ပွားတော့ဘူး။
တချို့က တွင်းတူးပြီး ထည့်ပေးရတယ်။ တချို့ အိမ်ရှင်တွေက မြေပေါ် တင်ထားတာ ကြိုက်တယ်။ တချို့ကျတော့ မြေထဲ တစ်ဝက် မြေပေါ် တစ်ဝက် ထားခိုင်းတယ်။ နံရံမှာ မှန်အကြည် ထည့်ပေးထားတဲ့ ရေကူးကန်မျိုးကိုတော့ မြေပေါ်မှာပဲ ထားရှိတယ်။ အဆင့်မြှင့်ချင်တယ်ဆိုရင် အပူပေးစနစ် ထပ်ထည့်ပေးပြီး ကန်ထဲမှာ ရှိတဲ့ရေတွေ နွေးနေအောင် လုပ်ပေးနိုင်တယ်။
ကိုဗစ်ကြောင့် ကွန်တိန်နာ ရေကူးကန်တွေ ပိုရောင်းရတဲ့ အကျိုးကျေးဇူးရှိသလို အခြားတစ်ဖက်မှာတော့ ကိုဗစ်ကြောင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှာ ကွန်တိန်နာတွေ ပြတ်လပ်ရှားပါးပြီး ဈေးတွေကြီးနေလို့ ကုန်ကြမ်းအတွက် ကွန်တိန်နာတွေ ဈေးကြီးပေးပြီး ဝယ်နေရတယ်။ ကုန်ကြမ်း မပြတ်လပ်တာ သေချာစေဖို့ ModPro အနေဖြင့် ကွန်တိန်ာ အလုံး ၁၀၀ ဝန်းကျင် ကြိုဝယ်ပြီး အသင့်ထားရှိမှ လုပ်ငန်း လည်ပတ်ဖို့ အဆင်ပြေတယ်။ ကွန်တိန်နာ စံချိန်တင် ဈေးတက်တော့ အရင်းအနှီးပိုကြီးမားသွားတယ်။
ယခုအထိ ModPro က ကွန်တိန်နာ ရေကူးကန် အရွယ်အစားအမျိုးမျိုး စုစုပေါင်း ခုရေ ၈၀၀ နီးပါး ဆောက်လုပ်ပေးခဲ့ပြီးပြီလို့ Rathnam က ပြောပြပါတယ်။
Source: fastcompany.com