ကရင်ပြည်နယ်၊ဘားအံ့မြို့နယ်အမှတ် ၉ရပ်ကွက်၊ဗိုလ်ချုပ်လမ်းနှင့် ကြာအင်းတောင်ပေါ် လမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ၃၄၄ ဧက တွင် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ဈေးဝယ်စင်တာတစ်ခုအား ယခု အစိုးရသက်တမ်းအတွင်းအပြီးတည်ဆောက်သွားမည်ဖြစ်ကာ တင်ဒါ အောင် ကုမ္ပဏီကို ယခုလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ၏ပြောကြားချက်အရ သိရသည်။
ကျန်ရှိနေသော အစိုးရသက်တမ်းကာလအတွင်းမှာပင် ဖွင့်လှစ်နိုင်ရန် ကြိုးစားသွားမည်ဟုသိရသည်။
ဈေးဝယ်စင်တာအတွက် တင်ဒါခေါ်ယူခဲ့ရာ လာရောက်တင်ပြသည့် ကုမ္ပဏီ ၁ဝခုခန့် ရှိခဲ့ပြီး ယင်းအနက်မှ ချစ်လင်းမြိုင်အစုအဖွဲ့၊UHM Family ကုမ္ပဏီ နှင့် ဂမုန်းပွင့် ကုမ္ပဏီ တို့ကို အင်ဂျင်နီယာအဖွဲ့တင်ဒါ စိစစ်ရွေးချယ်ကော်မတီ တို့၏ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ပဏာမရွေးချယ်ထားကြောင်းသိရသည်။
အဆိုပြုကုမ္ပဏီသုံးခုကို ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ပညာရှင်များပါဝင်သည့် စိစစ်ရွေးချယ်ရေးကော်မတီရှေ့မှောက်တွင် ကုမ္ပဏီတစ်ခုလျှင် အချိန်တစ်နာရီကြာတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့်အကြောင်းကို Presentation တင်ပြစေ၍ အမှတ်ပေးစနစ်ဖြင့် အစိုးရအဖွဲ့ထံတင်ပြ၍ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီအားထပ်မံရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
ဈေးဝယ်စင်တာ တည်ဆောက်မည့် ကုမ္ပဏီအနေဖြင့် ပြည်သူလူထုအတွက် အကျိုးရှိမှု၊လုပ်ငန်းအတွေ့အကြုံရှိမှု၊လုပ်ဆောင်နိုင်မှုနှင့် လူအများကို ဈေးရောင်းနိုင်ရန် ဆွဲဆောင်နိုင်မည့်အကြောင်းအရာ များကိုလည်း အလေးထားဆောင်ရွက်မည်ဖြစ်ကာ ရရှိသည့် အကျိုးအမြတ်များကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ရွာ စည်ပင်သာယာရေးလုပ်ငန်းများတွင် ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။
#Myanmar Builders Guide