ရွှေမြစန္ဒီ မြို့သစ်တည်ဆောက်ရေးအတွက်ဆက်လက်ဆောင်ရွက်ခွင့်ပြု


07 December, 2020

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေမြစန္ဒီ မြို့သစ်တည်ဆောက်ရေးအတွက် ပြည်နယ်အစိုးရထံ တင်ပြခဲ့ရာ ကရင်ပြည်နယ်အစိုးရမှ ဆက်လက်ဆောင်ရွက်ခွင့်ပြုကြောင်း သိရသည်။

        အဆိုပါ ဆက်လက်ဆောင်ရွက်ခွင့်ရ မြဝတီခရိုင်ကုန်သွယ်ရေး ဇုန်အနီးရှိ ရွှေမြစန္ဒီ မြို့သစ်စီမံ ကိန်းဆောင်ရွက်နေမှုအား ဒီဇင်ဘာပထမပတ်အတွင်းက ပြည်နယ်နယ်စပ်ရေးရာလုံခြုံရေးဝန် ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် တာဝန်ရှိသူများသွားရောက်၍ မြေပြင်အနေအထားကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်အရှင်ပညာနန္ဒ၊ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ တောင်တန်းကျောင်း ဆရာတော်အရှင်ဇောတိကနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ ပါဝင်ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေး ခဲ့ကြသည်။

""ဒီမှာအမှန်တကယ်နေထိုင်တဲ့ ပြည်သူတွေကို မိမိတို့တရား ဝင်ပိုင်ဆိုင်မှုရရှိနိုင်အောင် ဒီဒေသမှာရှိတဲ့ သာသနိကမြေကအစ တရားဝင်ဖြစ်အောင် အစိုးရစီမံခန့်ခွဲမှုနဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်""ဟု ကရင်ပြည်နယ်၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က ပြောသည်။

        အဆိုပါ ရွှေမြစန္ဒီမြို့သစ်စီမံကိန်းကို ခရိုင်၊ မြို့နယ်၊ ပြည်နယ်၊ အဆင့်ဆင့်နှင့် ပြည်ထောင် စုအဆင့်အထိ တင်ပြဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အဆိုပါမြို့သစ်သည် စုစုပေါင်းအကျယ်အဝန်း ၃၂၂ ဧကရှိသည်။

"အခုလက်ရှိမှာ အိမ်ခြေပေါင်း ၃၅၀၃ အိမ်ဆောက်လုပ်ပြီး အလွှာစုံစုပေါင်းနေထိုင်နေကြပါ တယ်။ အခုဆိုရင် ရွှေမြစန္ဒီမြို့သစ်အတွင်း ကွန်ကရစ်လမ်း ပေါင်း ၃၅လမ်း ခင်းပြီးသွားပါပြီ။ မူလတန်းကျောင်းလည်း ဆောက်လုပ်ပညာသင်ကြားနေပြီဖြစ်ပါတယ်။

 မြို့အဝင်မှာ "သဗ္ဗသုခတပ် ပေါင်းစု" စေတီကိုလည်း တည်ထား ကိုးကွယ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လိုအပ်နေသေးတဲ့ ကလေးကစားကွင်း၊ ပန်းခြံနဲ့မြို့မဈေးသစ်တွေကိုလည်း ဆက်လက်ဆောက် လုပ်သွားမှာဖြစ်ပါတယ်"

ဟု ရွှေမြစန္ဒီမြို့သစ်စီမံကိန်းအား တာဝန်ယူဆောင်ရွက်နေသည့် DKBA တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

        အဆိုပါရွှေမြစန္ဒီမြို့သစ်တည်ဆောက်ရေးစီမံကိန်းသည် အမှန်တကယ်မရှိ နွမ်းပါးသူများ နှင့် အိုးပိုင်အိမ်ပိုင်မရှိသူများ၊ အငြိမ်းစားဝန်ထမ်းများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက်အမှန်တကယ်နေထိုင်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Region Read 81 times