ရွှေမင်းဝံ နှစ်ထပ်ဈေးသစ်ကြီး စစ်ကိုင်းမြို့၌ဖွင့်လှစ်


24 August, 2019

ဩဂုတ် ၂၅ ရက်က စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်တွင် ရွှေမင်းဝံ အဆင့်မြင့်နှစ်ထပ်ဈေးသစ်ကြီးကို တိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး၊စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊စာရင်းစစ်ချုပ်နှင့် စစ်ကိုင်းမြို့နယ်ပြည်သူ့ လွှတ်တော်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက ဈေးအသစ်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဈေးဆိုင်းဘုတ်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

 ရွှေမင်းဝံပျံကျဈေးကို အဆင့်မြှင့်တင်ပြီး နှစ်ထပ်ဈေးကြီးအဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခင်က စစ်ကိုင်းမြို့မဈေးသာရှိခဲ့ရာ ယခုအခါ ရွှေမင်းဝံဈေးနှင့်ပါဆို ဈေးနှစ်ဈေးဖြစ်လာမှာဖြစ်ကြောင်းသိရသည်။

ရွှေမင်းဝံနှစ်ထပ်ဈေးသစ်ကြီးမှာ အင်္ဂလိပ်အက္ခရာ “U”ပုံသဏ္ဌာန်ရှိပြီး အမေ့နန်းတော် ကုမ္ပဏီတို့မှ ၂၀၁၈ ခု ဇွန် ၉ ရက် မှစတင်၍ မြေ ၂ ဒသမ ၅၇ ဧက ပေါ်၌ အလျား ၂၇၃ ပေ၊ အနံ ၁၇၈ ပေ၊ အမြင့် ၂၃ ပေအာစီ နှစ် ထပ်ဈေးကြီးဖြစ်ပြီး အခန်းပေါင်း ၂၂၂ ခန်းပါဝင်ကာ ငွေကျပ်သိန်း ၁၄၁၀ဝ အကုန်အကျခံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဈေးသစ်ကြီး၏ မြေညီထပ်တွင် အတွင်းလှည့်ဆိုင်ခန်း ၁၂၈ ခန်း၊ ပထမထပ်တွင် ၁၀ ပေပတ်လည် ၅၃ ခန်း၊ အတွင်းဘက်တွင် အကာမဲ့ပျံကျဈေးရုံ လေးရုံ၌ အခန်းပေါင်း ၉၆ ခန်း၊ ပထမထပ်၌ လူ ၃၀ဝ ဆံ့ခန်းမတို့ပါ ဝင်သည်။

 ဆိုင်ခန်းဈေးနှုန်းများအနေနှင့် ကျပ်သိန်း၂၀၀၊ ကျပ်သိန်း ၁၅၀၊ ကျပ် ၇၅ သိန်းနှင့် အမိုးအကာမဲ့ ဆိုင်ခန်း တစ်ခန်းလျှင် ကျပ် ၁၅ သိန်းဖြင့်ရောင်းချပေးနေကြောင်းသိရသည်။

လက်ရှိ ဈေးရောင်းချနေသူများကိုဦးစားပေး အရစ်ကျစနစ်ဖြင့်ရောင်းချပေးကြောင်း သိရသည်။

Local Read 60 times