တရုတ်- မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအတွက် အထောက်အပံ့ဖြစ်လာမယ့် ပိုးလမ်းမစီမံကိန်း


12 December, 2019

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း အခွန်စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ခြင်းစနစ် နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံအနေဖြင့် လေ့လာသူအဖြစ် ပါဝင်လက်မှတ်ထိုးရန် လွှတ်တော်သို့ တင်ပြသည်။

မေလ ၂၉ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြခဲ့သည်။

ထိုစာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးပြီး စီမံကိန်းကိုကာလရှည်ကြာတည်ဆောက်ခြင်းအားဖြင့် တရုတ်- မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး အထောက်အပံ့ဖြစ်မည်ဟု ၎င်းကပြည်ထောင်စု လွှတ်တော်သို့ ရှင်းပြသည်။

ထို့အပြင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် ပါဝင်သောနိုင်ငံများနှင့် ပူးပေါင်း၍ အခွန်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ အခွန်ဆိုင်ရာ စွမ်းဆောင်ရည်များလည်း မြင့်တက်လာမည်ဟု ဦးမောင်မောင်ဝင်းက ပြောသည်။

အဆိုပါစီမံကိန်းကို တရုတ်နိုင်ငံက ဦးစီးလုပ်ဆောင်နေကာ ထိုစီမံကိန်းတွင် ပူးပေါင်းပါဝင်ရန် မြန်မာနိုင်ငံအပါအဝင် ၁၂၅ နိုင်ငံ နှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၉ ဖွဲ့က စာချုပ်လက်မှတ်ရေးထိုး ထားကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမအကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက် နေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနက ဆိုသည်။

အဆိုပါနားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံပါဝင်လက်မှတ်ရေးထိုးမည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်ထောင်စုလွှတ်တော်နာယကက ဖိတ်ခေါ်ထားသည်။

ယင်းစာချွန်လွှာတွင် လက်မှတ်ရေးထိုးရန် ပြည်ထောင်စုအစိုးရအဖွဲ့ သဘောတူညီချက်ရထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။

Infrastructure and Zones Read 91 times