ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့်တောင်ငူ-ကျောက်ကြီး-စစ်တောင်း-မုပ္ပလင်လမ်းကို ဆက်သွယ်တည်ဆောက်နေသည့်
စစ်တောင်းမြစ်ကူးတံတား (မြို့စိုး) တည်ဆောက်ရေးစီမံကိန်းသည် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ရာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ဖွင့်လှစ်မည် ဖြစ်သည်။
အဆိုပါတံတားကို ၂ဝ၁၇ ခုနှစ် ဇူလိုင် ၁ ရက်က အကြိုအင်ဂျင်နီယာ လုပ်ငန်းများ စတင်ဆောင်ရွက်ကာ ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီ လကုန်ပိုင်းလောက်တွင် အပြီးတည်ဆောက်ရန် လျာထားခဲ့သည်၊။
တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ် တို့ကို ဆက်သွယ်ထားသော ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပိုင်းသည် ယခုတည်ဆောက်နေသည့် ပေ ၁၂ဝဝ အရှည်ရှိ စစ်တောင်း မြစ်ကူးတံတား(မြို့စိုး) အပါအဝင် အရှည် ၉ မိုင် ၁ ဒသမ ၅၆ ဖာလုံရှိသည်။ လက်ရှိလမ်းအခြေအနေမှာ ကတ္တရာလမ်း ၄ မိုင် ၁ ဖာလုံခွဲ၊ ကျောက်လမ်း ၄ မိုင် ၁ ဖာလုံခွဲ နှင့် မြေသား လမ်း ၁ ဖာလုံခွဲရှိပြီး မြို့စိုးတံတားချဉ်းကပ်လမ်းမှာ ၄ ဒသမ ၆၅ ဖာလုံဖြစ်သည်။
တံတားအမျိုးအစားမှာ အပေါ်ထည် RC Girder, Plate Girder နှင့် RC Slab & Hand Rail တို့ဖြစ်ကာ ကိုယ်ထည် သံကူကွန်ကရစ်၊ အုတ်မြစ်ကို ၁ ဒသမ ၂ မီတာ အချင်းရှိ ဘိုးပိုင်တို့ဖြင့် တည်ဆောက် ထားပြီး တံတား အရှည်ပေ ၁၂ဝဝ၊ ယာဉ် သွားလမ်းအကျယ် ၂၄ ပေ၊ လူသွား လမ်းတစ်ဖက်လျှင် ၃ ပေ စီပါရှိပြီး စုစုပေါင်းတံတားအကျယ်ပေ ၃ဝ ရှိသည်။
ရေလမ်းကင်းလွတ် အကျယ် ၁၀၂ ပေ၊ ရေအတက်ဆုံး အချိန်တွင် တံတားအောက် ရေလမ်းကင်းလွတ်အမြင့် ၈ ပေရှိမည်ဖြစ်သည်။
ယာဉ်တစ်စီးချင်းခွင့်ပြု အလေး ချိန်မှာ H.S - 25 - 44 (Load Class) ဖြစ်ကြောင်း သိရသည်။
တံတား၏ကိုယ်ထည်မှာ သံကူကွန်ကရစ် အုတ်မြစ်ထိပ်အုပ်နှင့် ကိုယ်ထည်ဖြစ်ပြီး တံတားအပေါ်ထည်တွင် အရှည်ပေ ၆ဝ ရှိ သံကူကွန်ကရစ်ရက်မများ၊ အရှည်ပေ ၁၂ဝ ရှိ သံမဏိသံပေါင်ရက်မများကိုအသုံး ပြုထားကာ သံကူကွန်ကရစ်ကြမ်းခင်းနှင့် လက်ရန်းအမျိုးအစားဖြစ်သည်။