ယခု ၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းအတွက် ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ သိရသည်။
ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းကာလမှာ ၂၀၂၁ မှ ၂၀၂၇ ခုနှစ်အထိသတ်မှတ်ထားကာ စီမံကိန်းစတင်ရန် အကြိုကွင်းဆင်းလေ့လာမှုမှာ ၂၀၂၀ ခုနှစ်တွင်ပြီးစီးမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၌ လုပ်ငန်းစတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်က မြေသိမ်းတဲ့အဆင့်ပဲရှိသေးတာ။ အကုန်မပြီးသေးဘူး။ ညှိနှိုင်းဆွေးနွေးနေတုန်းပဲ။ ဒီနှစ်ကုန်ပိုင်းမှသာ လေ့လာကွင်းဆင်းရမှာဖြစ်ပါတယ်။ အကြိုကွင်းဆင်းလေ့လာမှုအတွက် ဂျပန်းယန်းငွေ ၈၀၀ ဘီလျံထဲက အသုံးပြုသွားမယ်”ဟု မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် အဆိုပါစီမံကိန်းကို ဂျပန်ချေးငွေနှင့်ဆောင်ရွက်မည်ဖြစ်သည့်အတွက် စီးပွားရေးအရတွက်ချေကိုက်မှု ရှိ/မရှိကို ပြန်လည်ဆန်းစစ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းအရ လှိုင်သာယာဘူတာမှ ရန်ကုန်-ပုသိမ်ကားလမ်းအတိုင်းသွား၍ ဘုရင့်နောင်တံတား တောင်ဘက်ခြမ်းမှ လှိုင်မြစ်ကိုဖြတ်၍ အုတ်ကျင်းဘူတာမှ ပါရမီလမ်းအတိုင်း မရမ်းကုန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ တိုးကြောင်ကလေးဘူတာအထိလည်းကောင်း၊ ယင်းအပြင် ဒလမှ မင်္ဂလာဒုံအထိ လည်းကောင်းပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။