ဗိသုကာ ပညာသင် ကျောင်းသားများသည် Bru-munddal မြို့ကလေးသို့ အလည်အပတ်လာ ရောက်လေ့ရှိကြသည်။ ထိုမြို့ကလေးမှာ နော်ဝေနိုင်ငံ၏ အကြီးမားဆုံး ရေကန်ဘေးတွင် တည်ရှိသည်။ မြို့နေ လူဦးရေမှာ ၁၀,၀၀၀ သာ ရှိပါ၏။ သို့သော် အမှုအခင်းထူပြောသည်။
လူဦးရေ ငါးသန်းမျှသာရှိသော နော်ဝေနိုင်ငံတွင် ၁၉၉၀ နှစ်များက လူမျိုးရေး အဓိကရုဏ်းအားလုံး၏ သုံးပုံတစ်ပုံသည် ဤမြို့ကလေး၌ ဖြစ်ပွားခဲ့ပါ၏။ သို့ဆိုစေ၊ မြို့သူမြို့သားများက ဗိသုကာ ပညာသင်ကျောင်းသားများ မကြာမီ အတောအတွင်း ထပ်မံ လာရောက်ကြလိမ့်မည်ဟု မျှော်လင့် ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ယခု မတ်လအတွင်း Brumunddal ရေကန်ဘေးတွင် သစ်သားဖြင့် ဆောက်လုပ်ထားသော အမြင့် ၈၅ မီတာရှိ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးကို ဖွင့်လှစ်ရန် ရှိနေ သောကြောင့် ဖြစ်ပါ၏။
လောလောဆယ် Mhostarnet မိုးမျှော်တိုက်သည် ဝတ်လစ်စားလစ် သစ်ပင်တစ်ပင်နှင့် အလားတူနေသည်။ မြို့ကလေး၏ ကွန်ကရစ်တိုက်နိမ့်များအပေါ်တွင် ငွားငွားစွင့်စွင့် မိုးပေါ်သို့ ခုန်ပျံတက်နေပါ၏။ သို့သော် ယင်းအဆောက်အအုံ မှာ ထင်းရှူးသား အအုပ်အကာ (pine cladding) ကြောင့် ထူးထူးခြားခြား ဖြစ်နေသည် မဟုတ်ပေ။ အံ့သြစရာကောင်းသည့် အချက်မှာ မိုးမျှော်တိုက်၏ ထောက်တိုင်များ (supporting columns) အားလုံးကို glulam ဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ glulam မှာ သစ်ပါးလွှာများကို အတူပေါင်းစပ်ထားသည့် သစ်သားရက်မများဖြစ်သည်။ glulam များမှာ နှိုင်းယှဉ်ကြံ့ခိုင်မှုအား ဖြင့် သံမဏိလောက်မလေး။ ပေါ့ပါးသည်။ သံမဏိနှင့် နှိုင်းစာ လျှင် glulam ထုတ်လုပ်ရန်အတွက် စွမ်းအင်၏ ခြောက်ပုံတစ်ပုံသာ လိုအပ်သည်။
သစ်အတော်များများကို မိုးမျှော်တိုက်ဝန်းကျင် ကီလို မီတာ ၅၀ အတွင်းရှိ သစ်စက်များနှင့် ထင်းရှူးသစ်တောများမှ ရရှိကြောင်းဖြင့် နော်ဝေကုမ္ပဏီ Moelven မှ အမှုဆောင်အရာ ရှိချုပ် Rune Abrahamsen က ပြောပြသည်။ လိုတိုရှင်းပြောရလျှင် မိုးမျှော်တိုက်အတွက် သစ်များကို ထုတ်လုပ်ပြီး ပို့ဆောင်ရာ ၌ ဖန်လုံအိမ်ဓာတ်ငွေ့အနည်းငယ်မျှသာ ထုတ်လွှတ်မှုရှိသည်။
““ဒါကတော့ ဆောက်လုပ်ရေးရဲ့အနာဂတ်ပါပဲ”” ဟူ၍ Mjostarnet အတွက် Moelven ၏ ပရောဂျက်မန်နေဂျာ Jerald Liven က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောပြသည်။ သို့သော် ဒါက တကယ် ဟုတ်ရဲ့လား။ ချမ်းသာသော ကမ္ဘာမှ အစိုးရအတော်များများ သည် ဆောက်လုပ်ရေးနှင့် အဆောက်အအုံများ အသုံးပြုရာက ထွက်ရှိသည့် ဖန်လုံအိမ်ဓာတ်ငွေ့ (greenhouse-gas) ထုတ်လွှတ် မှုများကို လျှော့ချလိုကြသည်။ အံ့အားသင့်ဖွယ်ကောင်းသော ခြွင်းချက်အချို့မှအပ အစိုးရများအနေဖြင့် အောင်မြင်မှုမရကြသေးပေ။
အပူထိန်းကိရိယာကို ချိန်ညှိခြင်း
ရောမခေတ်က ရွှံ့စေးကို မီးဖုတ်ပြီး အုတ်လုပ်ကာ ကွန်ကရစ်နှင့် တွဲစပ်၍ အဆောက်အအုံများ စတင်ဆောက်လုပ် ခဲ့ကြပါ၏။ ထိုအချိန်မှစ၍ ဆောက်လုပ်ရေးလုပ်ငန်းသည် လေထုကို ညစ်ညမ်းစေသည့် စက်မှုလုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က၊ ဆောက်လုပ်ရေးလုပ်ငန်းများသည် ကမ္ဘာ့စွမ်းအင်၏ ၃၆ ရာခိုင်နှုန်းကို စားသုံးပြီး စွမ်းအင်ဆက်စပ် ကာဗွန်ထုတ်လွှတ်မှု ၄၀ ရာခိုင်နှုန်းခန့် ကို ထုတ်လုပ်ကြောင်း ခန့်မှန်းသည်။
ဖော်ပြပါ စွမ်းအင်၏ ခြောက်ပုံငါးပုံကို မီးအတွက်၊ အပူပေးရန်အတွက်၊ အေးခဲရန်အတွက်တို့အပြင် အသုံးအဆောင် ပစ္စည်းများအတွက် အသုံးပြုကြသည်။ ဆောက်လုပ်ရေးပစ္စည်းများ ထုတ်ရန်အတွက်နှင့် အဆောက်အအုံများမှ ထုတ်လွှတ်လိုက် သည့် ဝေစုမှာ ထို့ထက်ပင်များပြားသေးသည်။ တစ်နှစ်လျှင် ဘိလပ်မြေ မတ်ထရစ်တန်ချိန် ငါးဘီလီယံ ထုတ်လုပ်မှုကလည်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုကို နောက်ထပ် ခြောက်ရာခိုင်နှုန်း ပေါင်းထည့်သည်။ သံမဏိစက်မှုလုပ်ငန်းများမှ ထုတ်လုပ်လိုက် သည့် သံမဏိထက်ဝက်ကို ဆောက်လုပ်ရေးလုပ်ငန်းများက အသုံးပြုသည်ဖြစ်ရာ၊ နောက်ထပ် ရှစ်ရာခိုင်နှုန်း မြင့်တက် သွားမည်ဖြစ်၏။
၂၀၁၅ ခုနှစ်က ကမ္ဘာ့ခေါင်းဆောင်ကြီးများသည် ဂလို ဘယ်အပူချိန်ကို စက်မှုခေတ်မတိုင်မီ အပူချိန်အဆင့်ထက် နှစ် ဒီဂရီစင်တီဂရိတ် (2·C) ပိုမို ကျော်လွန်ခြင်းမရှိရအောင် ထိန်းသိမ်း မည်ဟု ကတိကဝတ်ပြုခဲ့ကြပါ၏။ သို့ဆိုလျှင် အဆောက်အအုံ များနှင့် ပတ်သက်သော ထုတ်လွှတ်မှုများကို ရက်ရက်စက်စက် ဖြတ်တောက်မှုမှာ နှေးကွေးလွန်းနေသည်။ အိမ်တွင်းသုံး ဘွိုင်လာ များနှင့် မီးအသုံးပြုမှုတို့မှာ တစ်စုံတစ်ရာ အတိုင်းအတာထိ ခရီးရောက်လာခဲ့ပါ၏။ အခြားအရာများ၌ကား ထိုသို့ဖြစ်မလာခဲ့။ ဥပမာ လက်ရှိစည်းကမ်းသတ်မှတ်ချက်မူဘောင်အရ ဘိလပ်မြေ စက်မှုလုပ်ငန်းများမှ ထုတ်လွှတ်နေမှုသည် အကယ်၍ မူဝါဒ ရေးဆွဲသူများက နောက်ထပ် အရေးယူဆောင်ရွက်ခြင်းမရှိလျှင် ၂၀၅၀ ပြည့်နှစ်တွင် လေးရာခိုင်နှုန်းသို့ မြင့်တက်သွားမည် ဖြစ် ပါ၏။
အဆောက်အအုံများကို မြစိမ်းရောင် လွှမ်းစေချင်လျှင် ကျယ်ကျယ်ပြန့်ပြန့် ကာဗွန်ခွန် စည်းကြပ်ရန်လိုသည်။ အိမ်ထောင်စု စွမ်းအင် အသုံးပြုမှုမှစ၍ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ အထိ ကာဗွန်ခွန် ကောက်ခံရမည်ဖြစ်၏။ သို့သော် စွမ်းအင်ဘီလ် ကို သိသိသာသာ မြင့်တက်စေသော အခွန်စည်းကြပ်မှုသည် လူကြိုက်များမည်မဟုတ်ပေ။ ဗြိတိန်တွင် ၂၀၁၃ ခုနှစ်က လေဘာ ပါတီခေါင်းဆောင်က အိမ်ထောင်စုစွမ်းအင်အခွန်များကို ရပ် တန့်ပစ်မည်ဟု မဲဆွယ်စည်းရုံးခဲ့စဉ်က လူထုထောက်ခံမှု မြင့် တက်သွားခဲ့သည်။ ပြဿနာတစ်ခုမှာ မြစိမ်းရောင် အခွန်များ ကို စည်းကြပ်မည်ဆိုလျှင် ဆင်းရဲသားများ “အထိနာ”မည် ဖြစ်ပါ ၏။
မူဝါဒရေးဆွဲသူများသည် စွမ်းအင် စွမ်းရည်တိုးတက် ကောင်းမွန်စေရန် ရည်ရွယ်လျက် ခေါင်မိုးပေါ်၌ ဆိုလာပြားများ solar panels တပ်ဆင်လိုသူများကို ထောက်ကူပံ့ပိုးငွေထုတ်ချေး မှုများ ပြုလုပ်ရန် ကြိုးပမ်းခဲ့ဖူးပါ၏။ ယင်းသို့ ဆိုလာပြားများ တပ်ဆင်အသုံးပြုခြင်းဖြင့် စွမ်းအင်ဘီလ်များ လျော့နည်းကျဆင်း သွားပြီး ငွေစုဆောင်းမိကာ ထိုစုဆောင်းငွေဖြင့် ကြွေးပြန်ဆပ် ရန် ရည်ရွယ်ခဲ့ပါ၏။ အမေရိကတွင် ထိုသို့သော အစီအစဉ်ကို PACE ဟု ခေါ်ပြီး ဗြိတိန်၌ Green Deal ဟု ခေါ်တွင်ခဲ့ပါသည်။ သို့သော် ထိုအစီအစဉ်များမှာ ထင်သလောက် လူကြိုက်မများ ခဲ့ပေ။ သူတို့ပြောသည့် စုဆောင်းငွေဆိုသည်မှာလည်း ရုပ်လုံး ပေါ်မလာခဲ့။
အနာအဆာပါသည့် ပုံစံပြာ
ချမ်းသာသော ကမ္ဘာက အစိုရအတော်များများသည် နောက်ထပ်နည်းဗျူဟာတစ်ခုကို ပြောင်းလဲစမ်းသပ်ခဲ့ကြသည်။ သူတို့က စည်းကမ်းသစ်များကို ချမှတ်ခဲ့ကြသည်။ ပရောဂျက် များ ဆောက်လုပ်လိုသော အိမ်ရာမြေဖော်ဆောင်လိုသူများ သည် “သုညစွမ်းအင်” (zero energy) သို့မဟုတ် “သုညကာဗွန်” (zero carbon) စံနှုန်းများကို လိုက်နာကျင့်သုံးကြရမည်ဟု ဆို ပါ၏။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်လျက် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများတွင် ပြည်သူ့ကဏ္ဍအဆောက်အအုံသစ်များ အားလုံးကိုဆောက်လုပ်ရာ၌ “သုည စွမ်းအင်နီးနီး” (Nearly Zero-Energy) စံနှုန်းအရ ဆောက်လုပ် ကြရမည် ဖြစ်သည်။ အခြားကဏ္ဍမှ အဆောက်အအုံပုံစံအမျိုး မျိုးကိုကား ၂၀၂၁ ဇန်နဝါရီလမှ စတင်ကာ ယင်းနောက်လိုက်ကြ ရမည်ဟု ဆိုပါ၏။ အဆောက်အအုံသစ်များ အားလုံးသည် ၎င်းင်း တို့လိုအပ်သော စွမ်းအင်ကို ပြန်လည်ဖြည့်တင်းမြဲ (renewable) ရင်းမြစ်များမှ ရယူကြရမည်ဟု ဆိုသည်။
ထိုနည်းတူပင် အမေရိကနှင့် အာရှတို့မှ အစိတ်အပိုင်း အချို့တွင် ထိုစံနှုန်းအတိုင်း အဆောက်အအုံများ ဆောက်လုပ်ရန် ခတ်ကွင်းပြင်နေကြသည်။ ဂျပန်အစိုးရက သုညစွမ်းအင်အဆောက် အအုံများ ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ ထိုစံနှုန်းများအရ ဆောက် လုပ်ကြရန် လိုလားနေပါ၏။ လွန်ခဲ့သောလက ကနေဒါနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သည့် British Columbia တွင် အဆောက် အအုံသစ်များအားလုံးကို ထိုစံနှုန်းများဖြင့် ၂၀၃၂ ခုနှစ်မှ စတင် ၍ ဆောက်လုပ်ရန် လိုအပ်ကြောင်း စီမံကိန်းချမှတ်ထားပြီး ဖြစ်သည်။ နယူဇီလန်ကဲ့သို့သော နိုင်ငံများမှ အစိုးရများကလည်း ထိုစံနှုန်းများကို ကော်ပီကူးရန် ပြင်ဆင်နေကြပါ၏။
အဆောက်အအုံများ ဆောက်လုပ်ရန်နှင့် လိုအပ်သည် များကို ပြန်လည် အံကိုက်တပ်ဆင်နိုင်သည့် တက်ကနိုလိုဂျီ သည် ၎င်းတို့၏ ကာဗွန်ခြေရာများကို ပံ့ပိုးထောက်ကူပေးရန် အဆင်သင့်ရှိပြီး ဖြစ်သည်။ ထိုကဲ့သို့သော စနစ်တစ်ခုမှာ နယ် သာလင်နိုင်ငံမှ Energiesprong ဖြစ်သည်။ ထိုစနစ်က တိုက်ခန်း အိမ်ရာတစ်ခုလုံးနှင့် လှေကားထစ်များကို အပူဓာတ်မှ ကာကွယ် ပေးသည့်ပြင် ဆိုလာပြားများကလည်း လိုအပ်သမျှ စွမ်းအင် ကို ထုတ်လုပ်ပေးသည်။ ယခုအခါ အချို့သော အဆောက်အအုံ များသည် ပြန်လည်ဖြည့်တင်းမြဲ လျှပ်စစ်ဓာတ်အားကို အသုံး ပြုနိုင်သည်ထက် ပို၍ပင် ထုတ်လုပ်ပေးလျက်ရှိသည်။ ၎င်းင်းတို့ ၏ ဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးပြုသည့် ထုတ်လွှတ်မှု များကို ထေနိုင်သည်။
နော်ဝေသည် ရှေ့ဆောင်နိုင်ငံဖြစ်၏။ Rrondheim အလယ်ပိုင်းက Powerhouse သည် ဆိုလာပြားများမှ တစ်နှစ် တစ်နှစ်တွင် ကြမ်းခင်းနေရာ၏ တစ်စတုရန်းမီတာလျှင် 49 kwh ထုတ်လုပ်ပေးသော်လည်း စားသုံးမှုက ၂၁ သာရှိသည်။ အာတိတ်စက်ဝိုင်းမှ ၃၅၀ ကီလိုမီတာသာ ဝေးကွာသော အဆောက်အအုံအတွက် အထင်ကြီးလောက်သော အောင်မြင် မှုတစ်ရပ်ဖြစ်ပါ၏။
စည်းကမ်းသတ်မှတ်ချက်များနှင့် စံနှုန်းများသည် အခွန်များ (taxes) လောက် စွမ်းရည်ပြည့်ဝမှု မရှိပေ။ သို့သော် အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် ယင်းတို့ကို လည်ပတ်ရာမှ ထွက်ပေါ်လာသည့် အပူဓာတ်ထုတ်လွှတ်မှုကို လျှော့ချ ရာတွင် ဤသည်မှာ နိုင်ငံရေးအရ လက်ခံနိုင်ဖွယ်ရှိပါသည်။ စည်းကမ်းနှင့် စံနှုန်းများကို လိုက်နာခြင်းသည် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို မြေမြှုပ်ပစ်နိုင်သည်။ အိမ်ဈေးနှုန်းကို လျှော့ချ နိုင်သည်။ အိမ်ငှားရမ်းခကိုလည်း လျှော့ချနိုင်သည်။ သို့သော် ဆောက်လုပ်ရေးလုပ်ငန်းများက ၎င်းတို့ဘာသာ ၎င်းတို့ ဤကိစ္စကို လိုလိုလားလား လုပ်ဆောင်ကြမည် မဟုတ်ပေ။ အဘယ် ကြောင့်ဆိုသော် ဆောက်လုပ်ရေးလုပ်ငန်းသည် အပြိုင်အဆိုင် များပြားပြီး ကမ္ဘာပေါ်တွင် အစိတ်စိတ်အမြွှာမြွှာကွဲအက်ဆုံး စက်မှုလုပ်ငန်းတစ်ရပ် ဖြစ်နေသောကြောင့် ဖြစ်ပါ၏။ မာဂျင် ပါးလွှာလွန်း၍ အိမ်ရာမြေဖော်ဆောင်သူများနှင့် အိမ်ရာ ဆောက်လုပ်သူများသည် ၎င်းင်းတို့လိုအပ်သည်ထက် ပို၍ မြစိမ်း ရောင် ဆောက်လုပ်မှုကို လုပ်ဆောင်ကြရန် အလားအလာမရှိပေ။
ထို့ပြင် “သုညစွမ်းအင်” စံနှုန်းများနှင့် ပတ်သက်၍ မေးခွန်းထုတ်သူများကလည်း ရှိသေးသည်။ ထုတ်လွှတ်မှုများ အပေါ် ရိုက်ခတ်မှုမှာ အနည်းငယ်သာရှိနိုင်သည်ဟု အချို့က ထောက်ပြကြသည်။ မူဝါဒမှာ အဆောက်အအုံသစ်များပေါ်၌ သာ အာရုံစူးစိုက်ထားသည်။ အဆောက်အအုံဟောင်းများမှ ထုတ်လွှတ်မှုများကို ဖြတ်တောက်ရန် ပြောဆိုမှု မရှိသလောက် ဖြစ်၏။ ဖွံ့ဖြိုးပြီးကမ္ဘာ၌ တစ်နှစ်လျှင် အဆောက်အအုံဟောင်း ၁၀၀ လျှင် တစ်ခုသာ အဆောက်အအုံသစ်ဖြင့် အစားထိုးမှု ရှိကြောင်း ထောက်ပြကြသည်။
စံနှုန်းများမှာလည်း တိကျမှုမရှိကြောင်း ဝေဖန်ကြ သည်။ Laptop ကွန်ပျူတာများနှင့် ပန်းကန်ဆေးစက်ကဲ့သို့ သော ကိရိယာများတွင် ပလပ်ပေါက်များကို ထိုးသွင်းရသည့် ပလပ်ခေါင်းများ အသုံးပြုရမှုကို ဖော်ပြထားခြင်းမရှိ။ ဖယ်ချန် ထားသည်ဟု ဆိုကြသည်။ “သုညကာဗွန်” အဆောက်အအုံများ ဆောက်လုပ်ရာတွင် လိုအပ်သည့် ကာဗွန်ထုတ်လွှတ်မှုများကို လည်း ဘေးဖယ်ထားသည်ဟု ဆိုကြသည်။ ကာဗွန်ဒိုင်အောက် ဆိုက်ကို အောက်ဆီဂျင်သို့ ပြောင်းလဲရန် အပင်ငယ်ကလေး များဖြင့် ဖုံးအုပ်ထားသည့် မြစိမ်းရောင်နံရံတည်ဆောက်ရာတွင် လိုအပ်သည့် စွမ်းအင်မှာ ပြောင်ရှင်းသော နံရံစက် သုံးဆမှ ခြောက်ဆထိ လိုအပ်ကြောင်း ဟောင်ကောင်တက္ကသိုလ်မှ သုတေသီများက ထောက်ပြကြသည်။
ဤသို့ဖြင့် “သုညစွမ်းအင်” “သုညကာဗွန်” စီမံချက် များနှင့် ပတ်သက်၍ အားနည်းချက်များကို ပုဂ်္ဂိုလ်အတော် များများက ထောက်ပြခဲ့ကြပါ၏။ လန်ဒန်မြို့တွင် Grefell မိုးမျှော်တိုက် မီးလောင်ခဲ့စဉ်က လူ ၇၂ ဦး သေဆုံးခဲ့သည်။ ထို့ကြောင့် ဂလိုဘယ် ဘိလပ်မြေနှင့် ကွန်ကရစ်အသင်းကြီးမှ Benjamin Sporton က သစ်သားမိုးမျှော်တိုက်များအတွက် ဝယ်လိုအား ရှိနိုင်ပါ့မလားဟု မေးခွန်းထုတ်ခဲ့ပါသည်။
သို့သော် Mr Abrahamsen က မီးလောင်လျှင် သစ် သားမှာ အရည်ပျော်ကျခြင်းမရှိဟု ထောက်ပြသည်။ သစ်သား မီးလောင်ပြီး မီးသွေးခဲဖြစ်သွားပါကလည်း ဆက်လက် မီးလောင် ခြင်းမရှိကြောင်း သူက ဆိုသည်။ Mjostarnet မိုးမျှော်တိုက်၏ မီးလောင်လျှင် ထွက်ပေါက်လှေကားများကို သစ်ပါးလွှာများ ပေါင်းစပ်ထားသည့် သစ်သားဖြင့် ပြုလုပ်ထားသည်။ ယင်းမှာ မီးလောင်လျှင် သံမဏိထက်ပင် ပိုမိုလုံခြုံမှုရှိကြောင်း ဆိုပါ၏။
မည်သို့ဆိုစေ၊ အခြားသော သစ်သား မိုးမျှော်အဆောက် အအုံများ တစ်စတစ်စ ထွက်ပေါ်လာနေပါ၏။ Amsterdam နှင့် Vienna မြို့များတွင် Mjostarnet ကဲ့သို့ မြင့်မားသော မိုးမျှော်တိုက်များ ဆောက်လုပ်နေကြပြီ ဖြစ်သည်။ ထို့ပြင် ထို့ထက်မက ရည်မှန်းချက်ကြီးမားသော ပရောဂျက်များကို လည်း ဆောက်လုပ်ရန် စိုင်းပြင်းနေကြပါ၏။ Stockholm မြို့ တွင် Treetop ဟု အမည်ပေးထားသော အထပ် ၄၀ ပါရှိမည့် သစ်သားမိုးမျှော်တိုက်တစ်ခု ဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိ သည်။ ထို့နောက် လန်ဒန်မြို့နှင့် နယ်သာလန်နိုင်ငံတွင် မီတာ ၃၀၀ မြင့်မားမည့် သစ်သားမိုးမျှော်တိုက်များ ပေါ်ထွက်လာတော့မည်ဖြစ်၏။
Mjostarnet သည် ကမ္ဘာ့အမြင့်ဆုံး သစ်သား မိုးမျှော် တိုက် ဖြစ်နိုင်ဖွယ်ရှိသည်။ ““ဒါပေမယ့် တို့က ဒီစံချိန်ကို ကြာကြာ တော့ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး”” Mr Livers က ဆိုသည်။ သူတို့အနေဖြင့် ဖြစ်နိုင်ခြေတစ်ခုကို လက်တွေ့ ဆောက်လုပ် ပြသခြင်းသာ ဖြစ်ပါ၏။ မည်သို့ဆိုစေ ဤသည်မှာ လည်း အလဟဿမဖြစ်။ အကျိုးတော့ ရှိပါ၏။