မကွေးတိုင်းဒေသကြီးရှိ သရက်မြို့တွင် ဝန်ထမ်းအိမ်ရာများ တည်ဆောက်မည်


08 November, 2020

မကွေးတိုင်းဒေသကြီးသရက်မြို့တွင် ယခင်ဝါကြိတ်စက်ရုံအဖြစ်အသုံးပြုခဲ့သည့် မြေနေရာတွင်ဝန်ထမ်းများသက်သာချောင်ချိရေးကို ရည်ရွယ်ကာဝန်ထမ်းအိမ်ရာများ ပထမဆုံးအကြိမ် ဆောက်လုပ်မည်ဖြစ်ကြောင်း သရက်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မြေ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ပြောကြားကြောင်းသိရသည်။

ယင်းစီမံကိန်းအတွက် ကျပ်သန်းပေါင်း၉ဝဝကျော်အသုံးပြုသွားရန်လျာထားပြီး အခန်းပေါင်း ၄၈ခန်းပါ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ရေးအတွက်တိုင်းဒေသကြီးအစိုးရအဖွဲ့၏

ကုန်သွယ်ခွန်ရရှိငွေမှ အသုံးပြုမည်ကာ လာမည့်လအတွင်း တင်ဒါစတင်ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။

ယင်းမြေနေရာသည်ယာမြေမဟုတ်ဘဲ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေသာဖြစ်ပြီး ဝန်ထမ်းများနေထိုင်ရန်အဆင်ပြေစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မကွေးတိုင်းဝန်ကြီးချုပ်မှ ပြောကြားကြောင်းသိရသည်။

ထိုစက်ရုံသည် ယခုချိန်တွင် လုံးဝ အသက်မဝင်တော့သည့်အတွက် ဝန်ထမ်းအိမ်ရာတည်ဆောက်ရခြင်းဖြစ်ကြောင်းလည်းသိရသည်။

သရက်မြို့သည်ခရိုင်မြို့ဖြစ်သည့်အတွက် အစိုးရဝန်ထမ်းအများစုရှိပြီး သရက်မြို့သို့ တာဝန်ကျသည့် ဝန်ထမ်းများမှာ မိသားစုအနေအထားပေါ်မူတည်ပြီး အိမ်ခန်းများ ငှားရမ်းနေထိုင်ကြရကြောင်း၊

ယင်းသို့အိမ်ခန်းငှားရမ်းခမှာ တစ်လအတွက် ကျပ်လေးသောင်းမှ တစ်သိန်းဝန်းကျင်အထိရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မှ ပြောကြားကြောင်းသိရသည်။

ဝန်ထမ်းအိမ်ရာများကို ပခုက္ကူမြို့နှင့် မင်းဘူးမြို့တို့တွင်လည်း ဆောက်လုပ်ရန်လျာထားပြီး မြေနေရာများကိုလည်း အတည်ပြုရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

The Voice

Public Housing Read 339 times