မြန်မာနိုင်ငံရှိ ဟိုတယ်များကို နိုင်ငံတကာနည်းတူ ကြယ်ပွင့်အဆင့် သတ်မှတ်မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးမှ ဟိုတယ်များအား စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်း၏ ပြောပြချက်အရ သိရသည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံရှိ ဟိုတယ်များ အဆင့်အတန်းမြင့်မားရေးနှင့် အရည်အသွေး တိုးတက်ကောင်းမွန်စေရေး ရည်ရွယ်ခြင်းဖြစ်ပြီး ကြယ်ပွင့်အဆင့်သတ်မှတ်ရာတွင် ဝန်ဆောင်မှုပိုင်းနှင့် ဟိုတယ်အပြင်အဆင် အပါအဝင် လိုအပ်သည့်အချက်များကို လေ့လာစိစစ်မည်ဖြစ်သည်။
''ဒီအစီအစဉ်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်ဖြစ်ပါတယ်။ အသင်းအဖွဲ့အားလုံး ပူးပေါင်းပြီး လုပ်ဆောင်ကြမှာပါ။ လောလောဆယ် စတင်ဆွေးနွေးနေပါပြီ။ ရန်ကုန်မှာရှိတဲ့ ဟိုတယ်တွေကနေစပြီး လုပ်မှာပါ'' ဟု ဦးရန်ဝင်းက ပြောသည်။
လက်ရှိတွင် ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကြယ်ပွင့်အဆင့် သတ်မှတ်ရာတွင် မိုတယ်များ၊ တည်းခိုခန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် လိုင်စင်မရှိသော ဟိုတယ်များကို ထည့်သွင်းသတ်မှတ်မည် မဟုတ်ကြောင်း သိရသည်။
ဟိုတယ်များ ကြယ်ပွင့်အဆင့် သတ်မှတ်ခြင်းလုပ်ငန်းကို ပြည်တွင်းရှိ ခရီးသွား လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်မည် ဖြစ်သည့်အပြင် နိုင်ငံတကာမှ ပညာရှင်တချို့ကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၌ လိုင်စင်ရဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းပေါင်း ၃ဝဝကျော်ရှိပြီး အခန်းခ ဈေးနှုန်းများမှာ အနည်းဆုံး ငွေကျပ် နှစ်သောင်းမှ သိန်းဂဏန်း အထက်ထိရှိကြောင်း သိရသည်။