ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းပေါ်ရှိ ဆွာချောင်းတံတားတွင်ဘေလီတံတားထိုးခြင်းအတွက် ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေ ကျပ်၂ဝ၂သန်းဖြင့် တည်ဆောက်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောသည်။
ဆွာချောင်းတံတားသည် ပြီးခဲ့သည့်သြဂုတ်၂၉ရက်က ရေတိုက်စားခံရမှုကြောင့် ရေလယ်တိုင်နှစ်တိုင်နိမ့်ကျခဲ့ရာ လမ်းပန်းဆက်သွယ်ရေးမပြတ်တောက်စေရန်ဘေလီတံတားကို တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။
''နိမ့်ကျသွားတဲ့ အသွားလမ်းဘက်တံတားနေရာမှာ အရှည်၄၂၀ပေ၊ နှစ်လွှာနှစ်ထပ် ဘေလီတံတားတစ်စင်းကို အရေးပေါ်ရန်ပုံငွေကျပ် ၂ဝ၂သန်းနဲ့ အချိန်တိုအတွင်းတည် ဆောက်ခဲ့ရာမှာ ၃၀ရက်၊ ၉လ၊ ၂၀၁၈မှာပြီးစီးခဲ့ပြီး မော်တော် ယာဉ်တွေဖြတ်သန်းခွင့်ပြုခဲ့ပါတယ်''
ဟု နိုဝင်ဘာ၁၂ရက် ပြည်ထောင်စုလွှတ်တော်တွင် အရေးပေါ်ရန်ပုံငွေ သုံးစွဲရသည့်အကြောင်းရင်းတင်ပြစဉ် ဒုတိယဝန်ကြီး က ပြောကြားခဲ့သည်။
အဆိုပါ ဆွာချောင်းတံတားသည် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်ခြင်းမှတစ်ဆင့် ရေတိုက်စားခံခဲ့ရကာ ရေလယ်တိုင်နှစ်တိုင် နိမ့်ကျသွားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ချောင်းကြမ်းပြင်ရေတိုက်စားမှုကိုကာကွယ်ရန် ကျောက်ကြီးခင်း ခြင်းနှင့် လမ်းတာဘောင်အားဖြည့်ခြင်းများလည်း ဆောင်ရွက်ခဲ့ရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ တံတားတစ်စင်းရေတိုက်စားခံခဲ့ ရသည့်အတွက် ဘေလီတံတားထိုးရန်အတွက်လည်း ကျပ်၁၃သန်းသုံးစွဲခဲ့ကြောင်း ၎င်းက ဆက်လက်တင်ပြခဲ့သည်။
ထို့ပြင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း ကိုရီးယားနိုင်ငံနှင့်ပူးပေါင်းဆောင် ရွက်မည့် ထင်းလောင်စာအစားထိုး စွမ်းအားမြင့်မီးဖိုများဖြန့်ဝေရေးစီမံကိန်းအတွက် ကျပ် ၁၀၁ ဒသမ ၉၂၅သန်းကို အရေးပေါ် ရန်ပုံငွေမှရယူသုံးစွဲခဲ့ရကြောင်း လွှတ်တော်သို့တင်ပြခဲ့သည်။ အပူပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ မကွေးနှင့်မန္တလေးတိုင်း ဒေသကြီးများတွင် စွမ်းအားမြင့်မီးဖို တစ်သိန်းတစ်သောင်းဖြန့်ဝေမည်ဖြစ်သည်။
အဆိုပါခြောက်နှစ်စီမံကိန်းအတွက် ကိုရီးယားနိုင်ငံက လည်း အမေရိကန်ဒေါ်လာ ၇ဒသမ၂သန်းထောက်ပံ့မည်ဖြစ်သည်။
ဝန်ကြီးဌာနများသည် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း ရန်ပုံငွေလျာထားခြင်းမရှိခဲ့သော လုပ်ငန်းများအား အရေး ပေါ်ဆောင်ရွက်ရန်အတွက် ပြည်ထောင်စု၏အရေးပေါ်ရန်ပုံငွေမှ ရယူသုံးစွဲခဲ့ရလေ့ရှိပြီး ထိုကဲ့သို့သုံးစွဲခဲ့မှုအတွက် အနီးစပ် ဆုံးကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရခြင်းဖြစ်သည်။ ဝန်ကြီးဌာနနှစ်ခုက ယခုကဲ့သို့ ထုံးစံအတိုင်း တင်ပြခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် လွှတ်တော်က မှတ်တမ်းတင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။