စက်မှုလက်မှုအထက်တန်းကျောင်းနေရာတွင် ကျောင်းဆောင်အသစ်တိုးချဲ့ဆောက်လုပ်ခြင်း


07 December, 2020

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ JICA တို့ပူးပေါင်းပြီး ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

        အဆိုပါစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျခံသုံးစွဲမည်ဖြစ်သည်။

        အင်းစိန်ရှိ စက်မှုလက်မှုအထက်တန်းကျောင်းနေရာတွင် ကျောင်းဆောင်အသစ်တိုးချဲ့ဆောက်လုပ်ခြင်းနှင့် ကျောင်းဆောင်ဟောင်းများအား ပြုပြင်ခြင်းများပြုလုပ်သွားမည်ဖြစ်သည်။

        အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို ယနေ့ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ Melia Hotel တွင် ပြုလုပ်ခဲ့သည်။

" စီမံကိန်းရဲ့ရည်ရွယ်ချက်ကတော့ ယခင်စက်မှုလက်မှုအထက်တန်းကျောင်း (အောင်ဆန်း)နေရာမှာ လိုအပ်တဲ့အဆောက်အဦ ပြုပြင်မှုတွေ၊ သင်ကြားပို့ချနိုင်ဖို့ လိုအပ်တဲ့သင်ထောက်ကူပစ္စည်းတွေ ဖြည့်ဆည်းဆောင်ရွက်ပြီး Automobile Maintenance သင်တန်းနဲ့Electrical Diploma သင်တန်းတွေကိုဂျပန်နိုင်ငံရဲ့အတွေ့အကြုံ ဗဟုသုတများအပေါ်အခြေခံပြီး ဖွင့်လှစ်သင်ကြားနိုင်ရေးပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့လုပ်ငန်းခွင်ဈေးကွက်နဲ့ ကိုက်ညီတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးမှာဖြစ်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာမှာဖြစ်ပါတယ်"

ဟု ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာအေးမြင့်က ပြောသည်။

        အဆိုပါစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆွေးနွေးမှုမှတ်တမ်းဆိုင်ရာ သဘောတူညီချက်ကို ဝန်ကြီးဌာနနှင့်JICA အကြား ပြီးခဲ့သည့် မတ်လက ရေးထိုးထားခဲ့သည်။

Local Read 54 times