ရန်ကုန်မြို့၏ ပထမဦးဆုံး ဖုန်းပါအားသွင်းနိုင်သည့် FMIDecaux ဘတ်စ်ကားမှတ်တိုင်ကို ဗဟန်းမြို့နယ် လမ်းနီမှတ်တိုင်အနီးတွင် ဇူလိုင် ၃ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ဇူလိုင်၄ရက်က FMIDecaux ကုမ္ပဏီမှ သိရသည်။
ရန်ကုန်မြို့အချက်အခြာနေရာများ၌ ခေတ်မီဘတ်စ်ကားမှတ်တိုင် ၅၀ဝ ကို ၃ နှစ်အတွင်း တည်ဆောက်သွားမည်ဟု FMIDecaux ကုမ္ပဏီဘက်မှ သိရသည်။
ယင်းဘတ်စ်ကားမှတ်တိုင်များတွင် ဖုန်းအားသွင်းပေါက်၊ ဘတ်စ်ကားရောက်ရှိချိန်နှင့် အချက်အလက်ပြ မျက်နှာပြင်များ၊ ကြော်ငြာများ ပါဝင်မည်ဖြစ်သည်။
အဆိုပါ ဘတ်စ်ကားမှတ်တိုင်များတည်ဆောက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တင်ဒါခေါ်ယူခဲ့ကာ အဆိုပြုကုမ္ပဏီ ၅ ခုအနက် FMIDecaux ကုမ္ပဏီကို လုပ်ကိုင်စေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
လမ်းနီမှတ်တိုင်အပြင် စိန့်ဂျွန်း၊ UFL မှတ်တိုင်များ ၌ လည်း ယခုကဲ့သို့ ခေတ်မီမှတ်တိုင်များ ပြုလုပ်လျက်ရှိနေသည်။
အဆိုပါ မှတ်တိုင်အပြင် စိန့်ဂျွန်း၊ YUFL ၊ မာလာမှတ်တိုင်များပါ ပြင်ဆင်နေပြီဟု သိရပြီး လတ်တလောတွင် မှတ်တိုင်သန့်ရှင်းရေးအတွက် ကုမ္ပဏီဝန်ထမ်း ၂ ယောက်ချထားပေးကြောင်း သိရသည်။
မှတ်တိုင်များ၏ သန့်ရှင်းရေးအတွက် နံနက် ၉နာရီမှ စ၍ လုပ်ကိုင်ရပြီး လက်ရှိအချိန်တွင် လျှပ်စစ်အားသွင်းပေါက်အား အသုံးမပြုနိုင်သေးကြောင်း ဝန်ထမ်းတစ်ဦးမှ ပြောသည်။
ကားမှတ်တိုင်နှင့်ကြော်ငြာလုပ်ငန်းများအတွက် FMIDecaux ကုမ္ပဏီနှင့် စည်ပင်သာယာတို့ ၂၀၁၈ ဇန်နဝါရီလအတွင်းက စာချုပ်ချုပ်ဆိုခဲ့ပြီး နှစ် ၂၀ ကြာ လုပ်ကိုင်နိုင်သည့်
တစ်ဦးတည်းလုပ်ကိုင်ခွင့်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ ရရှိခဲ့ခြင်းဖြစ်သည်။
လုပ်ဆောင်ရမည့် လုပ်ငန်းများတွင် ဒီဇိုင်းရေးဆွဲခြင်း၊ တပ်ဆင်ခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ပါဝင်ပါသည်။ FMIDecaux သည် FMI နှင့် JCDecaux Asia တို့မှ အကျိုးတူပူးပေါင်းတည်ထောင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
JCDecaux Asia သည် ကမ္ဘာအနှံ့တွင် ပြင်ပကြော်ငြာလုပ်ငန်းများကို လုပ်ကိုင်နေသည့် ထိပ်သီး ကုမ္ပဏီလည်းဖြစ်သည်။ အဆိုပါကားမှတ်တိုင်စီမံကိန်းနှင့်ပတ်သက်ပြီး
ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက “ကျွန်မတို့ ယခုအခါမှာ ရန်ကုန်တိုင်းစည်ပင် သာယာရေးကော်မတီကနေပြီးတော့ နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားမှတ်တိုင်
ပထမအဆင့် ၂၅၀ ဒုတိယအဆင့် ၂၅၀ ကို ဆောက်လုပ်ရန်အတွက် တင်ဒါခေါ်ယူပြီး မကြာခင်မှာ စတင်တော့မှာဖြစ်ပါတယ်။ ဒီမှတ်တိုင် ၅၀ဝ အတွင်းမှာ အကြုံးမဝင်တဲ့ မှတ်တိုင်များကိုလည်း
အလှူရှင်များနဲ့တကွ အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၂၀၁၇ခုနှစ်မေ၁၇ရက်က ပြောသည်။ ပြီးခဲ့သည့်၂၀၁၇ခုနှစ်မေ၁၇ရက်ကကျင်းပခဲ့သည့်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်မှ YBS ယာဉ်များမှာ မသန်စွမ်းများ အဆင်ပြေအောင်စီးနင်းနိုင်ရန်အစီမံများထည့်ပေးရန် အစီစဉ်နှင့်
ပတ်သက်ပြီး မေမြန်းချက်ကို ဝန်ကြီး မှ YBS ယာဉ်များသာမက ပလပ်ဖောင်းများကိုပါ မသန်စွမ်းများ အတွက် ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်ပေးမည်ဟု ကြေငြာခဲ့ခြင်းဖြစ်သည်။
မသန်းစွမ်းများအတွက် စီမံကိန်းများကို ပထမ အဆင့်အနေဖြင့်ဘတ်စ်ကားမှတ်တိုင် ၅၀ဝ ကို စတင်အကောင်အထည်ဖော်ပေးမည်ဖြစ်ပြီး ဘတ်စ်ကားမှတ်တိုင်များကို တင်ဒါယူပြီး တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။
စီမံကိန်းထဲ မပါဝင်သည့် ဘတ်စ်ကားမှတ်တိုင်များကို အလှူရှင်များနှင့်ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့ ပူးပေါင်းပြီး တည်ဆောက်ပေးမည်ဖြစ်ကြောင်း၂ဝ၁၇ခုနှစ်မေ၁၇ရက်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။