ထိုင်းနိုင်ငံရဲ့ ကုန်တွင်းတံတားစီမံကိန်း စိတ်ကူးမှာ မလေးကျွန်းဆွယ်ကို နှစ်ဖက်ညှပ်ပြီး ပင်လယ်ဆိပ်ကမ်းများ တည်ဆောက်ကာ ဆိပ်ကမ်းနှစ်ခုအကြား ကုန်လမ်း ဆက်သွယ်ရေး လမ်းကြောင်း ဆောက်လုပ်ဖို့ ဖြစ်ပြီး အဆိုပါ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိပါဘူး။
ကုန်တွင်းတံတား တကယ်ဖြစ်လာခဲ့ရင် သင်္ဘောတွေက မာလက်ကာရေလက်ကြားမှတစ်ဆင့် တစ်ကွေ့တစ်ပတ် သွားဖို့ မလိုတော့ဘဲ ကုန်တွင်းတံတားလမ်းကြောင်း အသုံးပြုခြင်းဖြင့် ပို့ဆောင်ရေးအချိန် အကြမ်းအားဖြင့် နှစ်ရက် သက်သာမှာ ဖြစ်ပါတယ်။
အဲဒီကုန်တွင်းတံတား စိတ်ကူးကို ၁၇ ရာစုကတည်းက စတင်ကြံစည်ခဲ့ကြတာ ဖြစ်ပါတယ်။
ယခုအခါ တိုင်းပြည် စီးပွားရေး ပြန်လည်လန်းဆန်းစေဖို့အတွက် ကြီးမားတဲ့ အစိုးရစီမံကိန်းတွေ လုပ်ကိုင်ဖို့ ရှာဖွေနေတဲ့အတွက် ကုန်တွင်းတံတားစီမံကိန်းက အံကိုက် ဖြစ်နေပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ် ကြီးမားလွန်းခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ဖို့ အလားအလာများ ရှိနေခြင်းတို့ကြောင့် ဝေဖန်ကန့်ကွက်မှုများ ရှိနေပါတယ်။
ထိုင်းနိုင်ငံ တောင်ဘက်မှာ ကုန်းမြေ အကျဉ်းမြောင်းဆုံး နေရာဖြစ်တဲ့ Kra ကုန်းရိုးကျွန်းဆက်ဟာ ထိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်တို့အကြား ကန့်လန့်ဖြတ် ၄၄ ကီလိုမီတာပဲ ရှိပါတယ်။
အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပတို့နဲ့ အရှေ့အာရှနိုင်ငံတွေ ဖြစ်တဲ့ ဗီယက်နမ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်အစရှိတဲ့ နိုင်ငံတွေအကြား ရေကြောင်းသွားလာတဲ့ ကုန်သင်္ဘောတွေအနေဖြင့် မာလက်ကာရေလက်ကြားမှ တစ်ဆင့် သွားနေဖို့ မလိုတော့တာကြောင့် ခရီးတာ ၁,၂၀၀ ကီလိုမီတာ သက်သာသွားမယ်။
ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ၂၀၂၀ အောက်တိုဘာလမှာ ကုန်တွင်းတံတား ဆောက်လုပ်ရေးအတွက် ဖြစ်နိုင်ခြေကို လေ့လာဆန်းစစ်စေခဲ့ပါတယ်။ အစီအစဉ်မှာ ရနောင်းန့ ချမ်ပွန်တို့မှာ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်မယ့် ဆိပ်ကမ်း တည်ဆောက်မှာ ဖြစ်ပြီး ဆိပ်ကမ်းနှစ်ခုအကြား ကားလမ်းရထားလမ်း၊ ရေနံပိုက်လိုင်းတို့ဖြင့် ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ခရီးတာ ၁၃၀ ကီလိုမီတာ ဝေးကွာပါတယ်။ သူက နီးကပ်တဲ့ ဧရိယာအတွင်းမှာ အထူးစီးပွားရေးဇုန်တစ်ခု ထားရှိပေးရင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
မလေးကျွန်းဆွယ်ကို တူးမြောင်းတူးဖို့ စိတ်ကူး ရှိခဲ့တာလည်း ကြာပါပြီ။ ၁၆၇၇ ခုနှစ်မှာ ထိုင်းဘုရင်က ပြင်သစ်ကို တူးမြောင်း တူးပေးဖို့ ပြောခဲ့ဖူးပါတယ်။ ပြင်သစ်သံတမန် Ferdinand de Lesseps က အီဂျစ်မှ စူးအက်တူးမြောင်း တကယ်ဖြစ်လာအောင် စည်းရုံးဆောင်ရွက်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူက ၁၈၈၂ ခုနှစ်မှာ Kra ကုန်းရိုးကျွန်းဆက်ကို သွားရောက်လေ့လာခဲ့ဖူးပါတယ်။
ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝါထရာ အစိုးရလက်ထက်မှာလည်း ဖြစ်နိုင်ခြေ ဆန်းစစ်မှု လုပ်ကိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မျာ အာဏာသိမ်းခံရလို့ အစီအစဉ် ပျက်ပြားသွားခဲ့ပါတယ်။
တူးမြောင်း တူးဖော်ရင် ကုန်ကျစရိန် အင်မတန် ကြီးမားပြီး တူမြောင်းကို ထိန်းသိမ်းရတဲ့ စရိတ်ကလည်း မြင့်မားပါတယ်။ တူးမြောင်း တည်ဆောက်ဖို့ ခန့်မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ ၃၀ ဘီလျံ ဝန်းကျင်ရှိလိမ့်မယ်လို့ အဖြေထုတ်ထားကြတယ်။ အခက်အခဲကြီးမားနေတာက ထိုင်းပင်လယ်ကွေ့နဲ့ ကပ္ပလီပင်လယ်ပြင်တို့ရဲ့ ရေမျက်နှာပြင် အမြင့် ကွာခြားမှု ကြီးမားနေတာ ဖြစ်ပါတယ်။
နောက်ထပ် ရင်ဆိုင်ရတဲ့ ပြဿနာက မလေးရှားနယ်စပ်မှာ လှုပ်ရှားနေတဲ့ အစ္စလာမ်အစွန်းရောက်တွေရဲ့ ပဋိပက္ခ ဖြစ်ပါတယ်။ တူးမြောင်း ရှိနေရင် မလေးရှားဘက်ခြမ်းက ထိုင်းပြည်မနဲ့ ခွဲထွက်သွားမယ့်အရေး ရှိနေပါတယ်။
အဲဒါကြောင့် တူးမြောင်းအစား ကုန်တွင်းတံတားစီမံကိန်းကို ရွေးချယ်ထားပါတယ်။ ကုန်ကျစရိတ် ခန့်မှန်းထားတာ ကန်ဒေါ်လာ ၁.၈၅ ဘီလျံ ဖြစ်တာကြောင့် တူးမြောင်းထက် ကုန်ကျစရိတ် အများကြီး သက်သာပါတယ်။
ကုန်းတွင်းတံတား စီမံကိန်းကို ပြည်ပရင်းနှီးမြှုပ်နှံမှုများနဲ့အတူ public-private partnerships ကုမ္ပဏီများဖြင့် အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပါတယ်။
တူးမြောင်း သုံးမယ်ဆိုရင် အာသားချက်က ကုန်တင်ကုန်ချ ကုန်သယ်ပို့ တာတွေ လုပ်စရာ မလိုတော့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ တူးမြောင်းကို ပိုစိတ်ဝင်စားပါတယ်။ တူးမြောင်းကြီးကြီး တစ်ခု ရှိနေရင် တရုတ်နိုင်ငံ ဆိပ်ကမ်းတွေ သုံးစွဲမယ့် သင်္ဘောများအနေဖြင့် မာလက်ကာရေလက်ကြားအထိ သွားနေဖို့ မလိုတော့ဘဲ ဖြတ်လမ်းကို သုံးနိုင်ကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်ရေတပ်သင်္ဘောများအနေဖြင့် တောင်တရုတ်ပင်လယ်မှ အိန္ဒိယသမုဒ္ဒရာထဲ သွားဖို့ လမ်းကြောင်း တိုသွားမှာ ဖြစ်ပါတယ်။ ကုန်တွင်းတံတား ဆိုရင် အခုလို ခုတ်မောင်း သွားလာဖို့ မဖြစ်နိုင်တာကြောင့် တရုတ်နိုင်ငံကတော့ တူးမြောင်းကို ပိုစိတ်ဝင်စားနေတာလို့ သုံးသပ်ကြပါတယ်။