ဂျပန်နိုင်ငံ အစိုးရ၏ အိုဒီအေ ချေးငွေဖြင့် တည်ဆောက်နေသည့် သန်လျင်တံတား အဆင်းမှ သီလဝါ အထူးစီးပွားရေးဇုန်အထိ လေးလမ်းသွား ကတ္တရာလမ်းမသစ် တည်ဆောက်မှု လာမည့် အောက်တိုဘာတွင် ပြီးစီးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ်ကြီး Mr.Ichiro Maruyama ၏ ပြောကြားချက်အရ သိရသည်။
“သီလဝါ အထူးစီးပွားရေးဇုန်ဟာ မြန်မာနိုင်ငံမှာ တစ်ခုတည်းဖြစ်တဲ့ အထူးစီးပွားရေးဇုန် တစ်ခုဖြစ်ပါတယ်။ အဲဒီ စီးပွားရေးဇုန်အတွက် အရေးကြီးတာက အသွားအလာ ပို့ဆောင်ရေးကဏ္ဍ ဖြစ်ပါတယ်။ လက်ရှိ ရှိနေတဲ့ ကားလမ်းဟာ အင်မတန်မှ ဆိုးရွားပါတယ်။ ဒါကြောင့်မို့ ဒီကားလမ်းကို လေးလမ်းသွား ကတ္တရာလမ်း မခင်းဖို့အတွက် ကျွန်တော်တို့ ဂျပန်နိုင်ငံရဲ့ အိုဒီအေချေးငွေနဲ့ တည်ဆောက်နေပါတယ်။ လာမယ့် အောက်တိုဘာလောက်မှာ ဒီလမ်း တည်ဆောက်မှု ပြီးစီးမှာ ဖြစ်ပါတယ်။ ဒါတင်မက သန်လျင်တံတား အသစ်ကိုလည်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Ichiro Maruyama က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ဂျပန်နိုင်ငံမှ အသစ် တည်ဆောက်ပေးမည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်- ၃) တည်ဆောက်ရေး စီမံကိန်း၏ ရန်ကုန်ဘက်ကမ်းရှိ ဂုံးကျော်တံတား ပန္နက်တင်ခြင်း အခမ်းအနားအား သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်း အနီးရှိ ခုံးကျော်တံတား တည်ဆောက်မည့် မြေနေရာတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပခဲ့သည်။
ဂျပန်နိုင်ငံ ချေးငွေ အပါအဝင် စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၃ဝဝကျော် ဖြင့် တည်ဆောက်မည့် (သန်လျင်တံတား အမှတ် ၃ ) စီမံကိန်းအား Package 1,2 & 3 အဖြစ် အဆင့်အလိုက် တည်ဆောက် သွားမည် ဖြစ်သည်။
“ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးလာမှုနဲ့အတူ သီလဝါ အထူးစီးပွားရေးဇုန်နဲ့ ဆိပ်ကမ်းကို ကုန်ပစ္စည်းတွေ သယ်ယူ ပို့ဆောင်တဲ့နေရာမှာ ခံနိုင်ဝန် ကန့်သတ်ချက်ရှိခဲ့လို့ ခေတ်မီ တံတားအသစ် တစ်စင်း တည်ဆောက်ဖို့ လိုအပ်လာပါတယ်။တိုးတက် များပြားလာတဲ့ ယာဉ်စီးရေကြောင့် လက်ရှိ တံတားပေါ် ဖြတ်သန်းရာမှာ ယာဉ်ကြော ပိတ်ဆို့မှုတွေ ရှိနေလို့ အဆင်မပြေမှုများစွာ ရှိနေခဲ့ပါတယ်။ ဒါကြောင့်မို့ ပဲခူးမြစ်ကူးတံတား (သန်လျင် တံတား အမှတ်-၃) ကို လေးလမ်းသွား Cable Stayed တံတားအဖြစ် အဆင့် သုံးဆင့်ခွဲခြားပြီးဂျပန် တည်ဆောက် ရေးကုမ္ပဏီများမှ တစ်ပြိုင်နက် တည်ဆောက်သွားမှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ရန်ကုန်ဘက်ကမ်းရှိ ဂုံးကျော်တံတား ပန္နက်တင်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
သန်လျင်တံတား အမှတ်(၃) ကို ပဲခူးမြစ်ပေါ်မှ ဖြတ်သန်း၍ သန်လျင်တံတား အမှတ် (၁) ၏ အောက်ဘက် ၁၂၅ မီတာအကွာတွင် တည်ဆောက်မည် ဖြစ်သည်။
သာကေတနှင့် သန်လျင်မြို့ကို ဆက်သွယ်မည့် ယင်းတံတား အရှည်မှာ ၁၉၂၈ မီတာရှိပြီး ပင်မတံတား အရှည်မှာ ၁၂၂၄ မီတာ ရှည်လျားသည်။ သာကေတဘက်ခြမ်း ချဉ်းကပ်တံတား အရှည်မှာ မီတာ ၃၀၀ ရှိကာ သန်လျင်ဘက်ခြမ်းတွင် ၄၀၄ မီတာဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။
Fly over Bridge ချဉ်းကပ်တံတားအပိုင်းတွင် သာကေတ ဘက်ခြမ်း၌ ၅၄၇ မီတာ၊ သန်လျင်ဘက်ခြမ်းတွင် ၁၈၈ မီတာရှိပြီး လေးလမ်းသွား ပင်မတံတား အကျယ်မှာ ၂၄ မီတာ၊ နှစ်လမ်းသွား Fly over Bridge အကျယ်မှာ ၁၂ ဒသမ ၅ မီတာ (ကုန်းပေါ်အပိုင်း) နှင့် တစ်လမ်းသွား One ramp Bridge အကျယ်မှာ ၅ ဒသမ ၅၇ မီတာ (ကွေ့ဝိုက်၍ တက်မည့်လမ်း) ဖြစ်သည်။ တံတား၏ ကိုယ်ထည်ကို Steel Box Grider Steel Box Girder ဖြင့် ဆောက်လုပ်မည် ဖြစ်ပြီး အုတ်မြစ်ကို Steel Pipe Sheet Pile ဖြင့် တည်ဆောက်မည် ဖြစ်ကာ ယာဉ်တစ်စီးစီ၏ ခံနိုင်ဝန်မှာ ၇၅ တန် သတ်မှတ်ထားကြောင်း သိရသည်။