ရန်ကုန်တိုင်းဒေသကြီး သန်လျင်-သီလဝါလမ်းမကြီးကို နိုင်ငံတကာစံချိန်မီ လေးလမ်းသွားကတ္တရာကွန်ကရစ် AC လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ခင်းခြင်းနှင့် လမ်းပိုင်းဆက်စပ် လုပ်ငန်းများ ဆောင်ရွက်မှုသည် ယခုအခါ ၇၄ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ သိရသည်။
''ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးဟာ သန်လျင်ဘက်ကို တံတားတွေနဲ့ ချိတ်တွဲပြီး ဆက်သွယ်သွားပြီး ဖြစ်ပါတယ်။ အခုဆိုရင် သီလဝါအထူး စီးပွားရေးဇုန်အထိ ဆက်စပ်မိနေပြီ ဖြစ်ပါတယ်။
သန်လျင်နဲ့ ရန်ကုန်ကိုဆက်သွယ်တဲ့ကားလမ်းမကြီးကို ဂျပန်ရဲ့ AC ချေးငွေနဲ့ ဆောင်ရွက်နေပါတယ်။ ဒီလမ်းမကြီးက အရင် ရန်ကုန်ကနေ သန်လျင်-ကျောက်တန်းသွားတဲ့ လမ်းမကြီး ဖြစ်ပါတယ်။ ဒါကိုဂျပန်နည်းပညာနဲ့ အဆင့်မြှင့်တင် ဆောင်ရွက်နေပါတယ်။
ဒီလမ်းဟာအလွန်ကို ကောင်းမွန်ပြီး နိုင်ငံတကာ အဆင့်အတန်းမီတဲ့ လမ်းပိုင်းအဖြစ်နဲ့ မကြာခင်မှာ ပေါ်ထွန်း လာတော့မှာပါ။ ဒီလမ်းကြီးနဲ့က မူလသန်လျင်တံတား ရှိနေပြီး သန်လျင်တံတားသစ် အမှတ်(၃)ကိုလည်း တည်ဆောက်နေပါပြီ။ ဒီတံတားသစ်ပေါ်က ဆင်းလာတဲ့လမ်းဟာ သာကေတ အဝိုင်းအထိကို တိုက်ရိုက်ရောက်သွားမှာ ဖြစ်ပါတယ်''ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါလမ်းပိုင်းသည် ဂျပန်နိုင်ငံ (JICA ODA LOAN) ချေးငွေဖြင့် ဆောင်ရွက်နေသော လမ်းမကြီး ဖြစ်သည်။ ၎င်းလမ်းပိုင်းကို ဂျပန်နိုင်ငံ Contractor, Tekken Corporation နှင့် Consultant, Nippon Koei ကုမ္ပဏီတို့ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ယခု ၎င်းလမ်းပိုင်းတွင် ကတ္တရာကွန်ကရစ် AC ခင်းခြင်း၊ သန်လျင်-ကျောက်တန်းနှင့် သန်လျင်သီလဝါလမ်းမကြီး၏ လမ်းခွဲနေရာတွင် ကတ္တရာကွန်ကရစ်ခင်းခြင်း၊ Concrete Box Culvert ဆောင်ရွက်ခြင်း၊ Concrete Pipe Culvert ဆောင်ရွက်ခြင်း၊ လမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာရေမြောင်းနှင့် Cable Line ထည့်မည့် သြထ များဆောင်ရွက်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေးအတွက် အပိုင်းလိုက်၊ အဖွဲ့လိုက် အင်ဂျင်နီယာနှင့် လုပ်သားအင်အား၊ ယန္တရားစက်ကြီး အမျိုးမျိုးတို့ဖြင့် စုပေါင်းကာ ဆောင်ရွက်နေကြောင်း လမ်းဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံးမှ သိရသည်။
ယခု ဆောင်ရွက်လျက်ရှိသော သန်လျင်- သီလဝါလမ်းမကြီးသည် လမ်းအရှည် ၅ မိုင် ၄ ဖာလုံရှိပြီး ယာဉ်သွားလမ်း အကျယ် ၄၆ ပေ လေးလမ်းသွားနှင့် လမ်းပခုံးနှစ်ဖက်အကျယ် ၆ ဒသမ ၆ ပေရှိသည်။ လမ်းဘေး ဝဲ/ယာတွင် ရေမြောင်းနှင့် Cable Line ထည့်မည့် Box အကျယ် နှစ်ဖက် ၂၆ ပေပါရှိကြောင်း သိရသည်။ လက်ရှိတွင် လုပ်ငန်းများကို အပိုင်းလိုက် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းပြီးစီးမှုသည် ရေမြောင်းလုပ်ငန်း ၉၆ ရာခိုင်နှုန်း၊ Box Culvert လုပ်ငန်း ၉၈ ရာခိုင်နှုန်းပြီးစီးနေပြီး လုပ်ငန်းတစ်ခုလုံး အနေဖြင့် ၇၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သတ်မှတ်ကာလ ပြီးစီးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရသည်။
ထိုလမ်းပိုင်းပြီးစီးလျှင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုအပေါ် အခြေခံကာ သန်လျင်-ကျောက်တန်း ဒေသသည် ယခင်ထက် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ လက်ရှိတွင် သန်လျင်-ကျောက်တန်းဒေသရှိ သီလဝါ အထူးစီးပွားရေးဇုန်မှ ထွက်ရှိလာသော ကုန်စည်အမျိုးမျိုးကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးသို့ လွယ်ကူစွာ ပို့ဆောင်နိုင်မည့်အပြင် သွားလာရေး၊ ကုန်စည်စီးဆင်းမှုနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာမှုသည်လည်း ယခင်ထက် ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း သိရသည်။