မဟာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြံလမ်းမကြီးစီမံကိန်း


06 December, 2020

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက်အဓိကအခြေခံအချက်တစ်ချက်မှာပြည်တွင်း၊ပြည်ပဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ရန်ဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာအပါအဝင် အိမ်နီးချင်းနိုင်ငံများအပြင် ဒေသတွင်းနိုင်ငံများနှင့်လည်းပိုမိုပူးပေါင်းဆက်သွယ်ကာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိချိန် ဖြစ်သည်။

မြန်မာနိုင်ငံသည်  မဲခေါင်ဒေသ  ခြောက်နိုင်ငံတွင်  ပါဝင်လျက်ရှိရာ မဲခေါင်ဒေသတွင်းရှိ နိုင်ငံများနှင့် ကူးလူးဆက်ဆံကာ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်ရန် လမ်းကွန်ရက်များ ဖောက်လုပ်ထားပြီဖြစ်သည်။ ထို့အပြင် မဟာမဲခေါင်ဒေသခွဲအတွင်း၌ စီးပွားရေး စင်္ကြံ လမ်းကြောင်း ကိုးခု ရှိရာ  မြန်မာနိုင်ငံနှင့်  ဆက်စပ်လျက်ရှိသော စင်္ကြံလမ်းကြောင်း ငါးခုရှိနေပြီ ဖြစ်သည်။

        မဟာမဲခေါင်ဒေသခွဲအတွင်းနိုင်ငံများ ကုန်သွယ်မှုနှင့် ဆက်သွယ်သွားလာမှုများပြုလုပ်ရန် စီးပွားရေးစင်္ကြံ လမ်းကြောင်းများ ဖောက်လုပ်ထားခြင်း ဖြစ်ရာ မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသည့် စင်္ကြံ လမ်းကြောင်းငါးခုအနက် ပထမ စင်္ကြံ လမ်းမှာ မြောက်-တောင် စင်္ကြံ လမ်း ဖြစ်သည်။

မြောက်-တောင် စင်္ကြံ လမ်းမှာ အရှည်မိုင် ၁၆ဝ ရှိပြီး တရုတ်နိုင်ငံ ကူမင်း မြို့မှ လာအို သို့မဟုတ် မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် ဆက်စပ်နေသော လမ်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း၌ မိုင်းလား-ကျိုင်းတုံ၊ တာချီလိတ် လမ်းဖြစ်ပြီး တရုတ်-လာအို-မြန်မာ- ထိုင်းနိုင်ငံများသို့ ဖြတ်သန်း သွားလာနိုင်သည့် စီးပွားရေး စင်္ကြံလမ်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းလမ်းပိုင်း မှာ နှစ်လမ်းသွားကတ္တရာလမ်းအဖြစ်အဆင့်မြင့်တင်ပြီးဖြစ်ရာ မော်တော် ယာဉ်များ ကုန်စည်တင်ဆောင်သွား လာနိုင်နေပြီ ဖြစ်သည်။

မဟာမဲခေါင်ဒေသခွဲစီးပွားရေး စင်္ကြံ လမ်းမကြီး    ဒုတိယလမ်းမှာ အရှေ့-အနောက် စင်္ကြံ လမ်းဖြစ်ပြီး ၁၂၅ မိုင်ရှည်သည်။ ယင်းစီးပွားရေး စင်္ကြံ လမ်းမှာ မြန်မာနိုင်ငံနှင့်ဆက်စပ်မှု ၌ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ မော်လမြိုင်သို့ ဆက်သွယ် သောလမ်းဖြစ်သည်။   ယင်းဖောက် လုပ်ရေးအတွက်   ညှိနှိုင်းစီစဉ်လျက် ရှိသည်။

မဟာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြံ လမ်းမကြီး  တတိယလမ်းအဖြစ် မြန်မာနိုင်ငံနှင့်  ဆက်စပ်သည့်လမ်း မှာတောင်ပိုင်း စင်္ကြံ လမ်းဖြစ်ပြီး အရှည် ၈၇ မိုင်ခန့်ရှိသည်။ ယင်းလမ်းမှာ ဗီယက်နမ်နိုင်ငံ ကွီနန်၊ ဗန်တောမြို့မှ မြန်မာနိုင်ငံ ထားဝယ်မြို့သို့ ဆက်သွယ်ထားသော လမ်းဖြစ်သည်။ ယင်းလမ်းဖောက်လုပ်ပြီးစီးရန်လည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

စတုတ္ထ  စီးပွားရေး စင်္ကြံ လမ်းမှာ မြောက်ပိုင်း စင်္ကြံ လမ်း    ဖြစ်သည်။ အရှည် ၃၇၅ မိုင်ရှိပြီး တရုတ်နိုင်ငံ ဖန်ချမ်းဆိပ်ကမ်းမှ    တရုတ်နိုင်ငံ ကူမင်းမြို့၊  ကူမင်းမြို့မှ  ရှေလီမြို့၊ ရှေလီမှ မြန်မာနိုင်ငံ မူဆယ်-မန္တလေး-တမူးမြို့အထိ ဆက်စပ်နေသောလမ်း ဖြစ်သည်။      ယင်းစင်္ကြံလမ်းမှာ မြန်မာနိုင်ငံအတွင်း ဖြတ်သန်းသည့် လမ်းပိုင်းမှာပြီးစီးနေပြီး  မော်တော် ယာဉျဖြတ်သန်းသွားလာ  ကုန်သွယ်မှု ပြုလုပ်လျက်ရှိနေပြီဖြစ်သည်။

 မြန်မာနိုင်ငံအတွင်း  ဖြတ်သန်း သည့် ပဉ္စမလမ်းအဖြစ် အနောက်ပိုင်း စင်္ကြံ လမ်းဖြစ်ပြီး  အရှည် ၈၄၅ မိုင် ရှိသည်။    ယင်းလမ်းမှာ အိန္ဒိယ- မြန်မာ-ထိုင်းသုံးနိုင်ငံ  ဆက်စပ်နေ သော လမ်းလည်းဖြစ်သည်။  ယင်း လမ်းပိုင်းမှာ မြန်မာနိုင်ငံအတွင်း ဖြတ် သန်းသွားသော လမ်းအပိုင်းများ ပြီးစီး နေပြီဖြစ်ရာ လက်ရှိအသုံးပြုသွားလာ လျက်ရှိနေပြီဖြစ်သည်။

မဟာမဲခေါင်ဒေသခွဲအတွင်း စီးပွားရေး  စင်္ကြံ လမ်းကြောင်းများမှာ မြန်မာနိုင်ငံအတွင်း ဖြတ်သန်းလျက်ရှိ နေမှုကြောင့်  မဝေးကွာသောကာလ တွင် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံ များနှင့်အပြိုင် စီးပွားရေးတိုးတက်ဖွံ့ဖြိုး ရန် အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင် မည်ဖြစ်သည်။

Infrastructure and Zones Read 89 times