The Death Railway
၁၉၄၂ ခုနှစ် နိုဝင်ဘာလ မှ စတင် ၍ ဂျပန် တပ်မတော် က ဖောက်လုပ် ခဲ့သော ယိုးဒယား – မြန်မာ မီးရထား လမ်း ကြီးသည် လူသား များ စွာ အသက် စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထား လမ်း အဖြစ် ထင်ရှား ခဲ့သည်။
မီးရထား လမ်း ဖောက်လုပ် ရာ တွင် မြန်မာ တိုင်းရင်း သား ၈၀ဝဝဝ ကျော်၊ မဟာမိတ် တပ်သား ၁၀ဝဝဝ ကျော် တို့ အသက် ဆုံးရှုံး ခဲ့ကြသည်။
ရထားလမ်း ဖောက်လုပ် ပြီးစီး သည့် အထိမ်း အမှတ်ပွဲ ကို ၂၅ အောက်တိုဘာ ၁၉၄၃ တွင် ကျင်းပခဲ့သည်။သံဖြူဇရပ် မှ ဘန်ပေါင်သို့သေမင်း တမန် ရထားလမ်း သည် မြန်မာပြည် ဘက်ခြမ်း တွင် သံဖြူ ဇရပ် မြို့မှ စတင် ခဲ့သည်။ ဘုရားသုံးဆူ တောင်ကြား ကိုဖြတ်လျက် ယိုးဒယားနိုင်ငံ ဘန်ပေါင် (Ban Pong) မြို့သို့ ဖောက်လုပ် ခဲ့သည်။ ဘန်ပေါင် ရှိ ဘန်ကောက် – စင်္ကာပူ မီးရထားလမ်း နှင့် ဆက်သွယ် ရန် ဖြစ်သည်။
မိုင် ၂၅၀ ကျော် ရှည်လျား ပြီး လမ်း ခုလပ် ကွေး မြစ်ပေါ် ၌ တံတား တစ်စင်း ကိုလည်း တည်ဆောက် ခဲ့သည်။ တံတား ဆောက်လုပ် ရာ တွင် မြန်မာ တိုင်းရင်းသားများ သာမက စစ်သုံ့ပန်း အဖြစ် ဖမ်းဆီး ထားသော မဟာမိတ် တပ်သား အများ အပြား လည်း ပါဝင် ခဲ့သည်။
တည်ဆောက်ရေး ပစ္စည်းများ
************
ဗြိတိသျှ တို့ မြန်မာ နိုင်ငံမှ ဆုတ်ခွာ သွားသည့် ၁၉၄၀ – ၄၁ ခုနှစ် တွင် သံလမ်း မိုင် စုစုပေါင်း (၂၈၅၂) မိုင် ရှိသည့် အနက် ဂျပန် တို့က သံလမ်း မိုင် (၃၀ဝ) ခန့် ကို ဖြုတ်ယူ ၍ မြန်မာ – ယိုးဒယား မီးရထား လမ်း ဖောက်လုပ် ရာ တွင် အသုံးပြု ခဲ့ပါသည်။ သံလမ်း မိုင် (၁၅၀) မိုင်ခန့် ကို ရန်ကုန် နှင့် တောင်ငူ အကြား ဒွေးလမ်း မှ လည်းကောင်း၊ ကျန် သံလမ်း (၁၅၀) မိုင်ခန့် ကို တံတားဦး – မြင်းခြံ လမ်းပိုင်းနှင့် အခြားလမ်း ပိုင်းများမှ လည်းကောင်း ဖြုတ်ယူ အသုံးပြု ခဲ့သည်။
ရည်ရွယ်ချက်များ
*****
ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ်ရေး အတွက် အဓိက ရည်ရွယ်ချက် (၄) ရပ် ရှိပါသည်။ ယင်း တို့မှာ လက်ရှိ တိုက်ခိုက် နေသော မဟာ အာရှ စစ်ပွဲ ကြီး တွင် ဂျပန် တို့ အောင်နိုင်ရေး အတွက် အထူး အရေးကြီးသော လက်နက် ခဲယမ်းမီး ကျောက်များ ကို အမြန်ဆုံး သယ်ယူ ပို့ဆောင် နိုင်ရေး၊ မြန်မာ့ ထွက်ကုန် ဝင်ကုန် များကို အမြန် ဆုံး သယ်ယူ ပို့ဆောင် ရောင်းဝယ် နိုင်ရေး၊ မြန်မာ နိုင်ငံ နှင့် အခြား နိုင်ငံ များ လွယ်ကူစွာ မဟာမိတ် ချစ်ကြည်မှု ပြုလုပ် နိုင်ရေး၊ စစ်ဒဏ် ကြောင့် မြန်မာ လူမျိုးများ ဆင်းရဲ ကျပ်တည်း လျက် ရှိရာ မီးရထား လမ်း ဖောက် လုပ် ပြီးစီး ပါက မြန်မာ ပြည် ချမ်းသာ လာစေရေး တို့ ဖြစ်ကြသည်။ ယင်း ရည်ရွယ် ချက် များ အတိုင်း အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရန် အတွက် ဝန်ကြီးချုပ် ၏ အတွင်းဝန် ဦးဘစော ဥက္ကဋ္ဌ အဖြစ် ပါဝင်သော ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ် ရေး အ တွက် အလုပ် သမား စုဆောင်း စောင့်ရှောက် ရေး အဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။
အလုပ်သမား စုဆောင်းရေး
*************
ရထားလမ်း ဖောက်လုပ် ရေး အတွက် လိုအပ်သည့် အလုပ် သမားများ ကို ရထား လမ်း ဖောက်လုပ် ရေး အဖွဲ့က တိုက်ရိုက် ခေါ်ယူ ငှါးရမ်းခဲ့ ၏။ ရှေးဦးစွာ အနီး ဝန်းကျင် ဒေသများ ၌ ရှာဖွေ စုဆောင်း ခဲ့သော် လည်း မလုံလောက် သဖြင့် ၁၉၄၂ ခု ဒီဇင်ဘာ လ လယ်ခန့် တွင် ယာယီ မြန်မာ အစိုးရ အုပ်ချုပ်ရေး ရုံးသို့ အကူ အညီ တောင်းခံ ရတော့ သည်။ သို့ဖြင့် မြန်မာ အစိုးရ ပြန်ကြားရေး ဝန်ရုံး မှ ၁၈ ဒီဇင်ဘာ ၁၉၄၂ တွင် ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ် ရန် ချွေးနှင့် ရင်းရ သည့် အလုပ် သမား တပ် ကြီး တည်ထောင် မည် ဖြစ်ကြောင်း ကြေညာ ခဲ့သည်။ ယင်း ကြေညာ ချက် တွင် အလုပ် သမား အင်အား ၂၀ဝဝဝ ခန့် လိုအပ်မည် ဖြစ်ကြောင်း၊ အလုပ် သမားများ ရရှိမည့် လစာ၊ နေအိမ်၊ ဆေးဝါး စသည့် အခွင့် အရေးများ ကို ဖော်ပြ ထားပြီး အလုပ် သမား တပ် သို့ ဝင်ရောက် ကြရန် နှိုးဆော် ထားပါသည်။
အခက် အခဲများ
**********
အလုပ်သမား စုဆောင်း ရာ ၌ တောင်ငူ၊ အင်းစိန်၊ ဟင်္သာတ၊ ပုသိမ်၊ ထားဝယ်၊ မြိတ်၊ မော်လမြိုင်၊ သထုံ၊ ပဲခူး နယ်များမှ စုဆောင်း ခဲ့ကြရာ ၁၉၄၃ ခု ဖေဖော်ဝါရီ လ အထိ ၁၃၉၅၀ ဦး သာ စုဆောင်း နိုင်ခဲ့ သည်။ သို့ ဖြစ်၍ လျာထားချက် ၏ တစ်ဝက်မျှ သာ ရရှိ ခဲ့ပါသည်။ စုဆောင်း ရရှိ ထား သူများ ထဲမှ လမ်းခု လပ် တွင် ထွက်ပြေး သွားကြ သူများ မှာလည်း မနည်း လှပေ။ အလုပ် သမား ရရှိရန် ခက်ခဲ သော် လည်း လမ်းဖောက် လုပ်ရေး ကိစ္စမှာ အချိန်မီ ဆောင်ရွက် ရမည့် လုပ်ငန်း ဖြစ်နေသည်။ သို့ဖြင့် အမှတ် ၁၅ ဂျပန် တပ်မတော် က နည်းလမ်း ရှာ ဖွေ ရ တော့ သည်။
လုပ်အားပေး အဖွဲ့ ဖွဲ့စည်းရေး
************
ဂျပန် တပ်မတော် သည် ယခင် အလုပ် သမား စုဆောင်းရေး နည်းလမ်း ကို ဖျက်သိမ်း ကာ ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက် လုပ်ရေး တပ်ဖွဲ့ဝင် များ၊ စစ် အုပ်ချုပ်ရေး ဦးစီး ဌာန နှင့် အုပ်ချုပ်ရေး ရုံး တို့ မှ သက်ဆိုင်ရာ အရာရှိ များ ကို ဖိတ်ခေါ် ကာ ၁ မတ် ၁၉၄၃ တွင် လုပ်အားပေး အဖွဲ့ ဖွဲ့စည်းရေး ကို ဆွေးနွေ ခဲ့ကြ သည်။ ထို့နောက် မတ်လ (၂) ရက်နေ့ တွင် ဂျပန် အမှတ် ၁၅ တပ်မတော် ၏ တစ်ချက် လွှတ် အမိန့် ဖြင့် ယိုးဒယား မြန်မာ ဆက်သွယ် ရေး မီးရထား လမ်း ဖောက် လုပ်ရေး အတွက် လုပ်အား ပေး အဖွဲ့များ ဖွဲ့စည်း ရေး နှင့် ပို့ဆောင်ရေး အစီအစဉ် ကို ချမှတ် လိုက်ပါသည်။
ချွေးတပ်
*****
၉ မတ် ၁၉၄၃ တွင် ဂျပန် စစ် အုပ်ချုပ်ရေး ဌာန ၏ သဘော တူညီချက် ဖြင့် ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ်ရေး အတွက် လိုအပ် မည့် မြန်မာ အလုပ် သမား ၃၀ဝဝဝ ကျော် ကို စတင် စုဆောင်း ပါသည်။ ဗမာ့ ကာကွယ်ရေး တပ်မတော် သည် သွေးတပ် (Blood Army) ဖြစ် သဖြင့် မီးရထား လမ်း အလုပ် သမား တပ်ကြီး ကို ချွေးတပ် (Sweat Army) ဟု ခေါ် ဆို ကြသည်။ နောက်ပိုင်း တွင် ဗမာ့ လက်ရုံး တပ်မတော် ဟု ပြောင်းလဲ ခေါ်ဆို ခဲ့၏။ နယ်မြေ အလိုက် ချွေးတပ် အလုပ် သမားများ စုဆောင်း ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သော လမ်းပန်း ဆက်သွယ်ရေး နှင့် ဆည်မြောင်း ဌာန ဝန်ကြီး က ခရိုင် အသီးသီး မှ အရေးပိုင် (ခရိုင်ဝန်) များကို စုဆောင်းရေး အရာရှိ အဖြစ် ခန့်အပ်ပြီး နယ်ပိုင်၊ မြို့ပိုင်၊ သူကြီး တို့မှ တစ်ဆင့် စုဆောင်း ခဲ့သည်။ တို့ဗမာ ဆင်းရဲသား အစည်း အရုံး ကိုလည်း ပူးပေါင်း ဆောင်ရွက် စေခဲ့ သည်။ လုပ်အား ပေး အလုပ် သမား တစ်ဦး လျှင် ရှာ ဖွေ စုဆောင်း စရိတ် ၁၇ ကျပ်နှုန်း ဖြင့် စရိတ် ကျပ် နှစ်သိန်း တစ်သောင်း ကို စစ် အုပ်ချုပ်ရေး ဦးစီး ဌာန က ခရိုင် များ သို့ပေးခဲ့ သည်။ ချွေးတပ် အလုပ် သမား တို့ ၏ လစာငွေ ကိုမူ တစ်လ ၃၀ ကျပ် သတ်မှတ် ပါသည်။ သို့သော် လေကြောင်း ဗုံး ဒဏ်ကြား မှ စုဆောင်း ရသဖြင့် ထင် သလောက် ခရီး မရောက် ခဲ့ပေ။
စုဆောင်း ရရှိသူများ
************
အလုပ်သမား နည်းပါး မှုကြား မှ ကာလ တို အတွင်း အလုပ် သမား ၃၂၂၀၄ ဦး စုဆောင်း ရရှိ ခဲ့ရာ ပထမ သုတ် အဖြစ် စတင် ပို့ လိုက်သည်။ သို့သော် ထွက်ပြေး သူများ ကြောင့် တစ်စတစ်စ လျော့ပါး လာခဲ့ရာ မေလ ၆ ရက်နေ့ တွင် မြန်မာ အစိုးရ ဝန်ကြီးချုပ် က အမှတ် ၁၅ ဂျပန် တပ်မတော် စစ် အုပ်ချုပ်ရေး ဦးစီး ဌာန နှင့် ညှိနှိုင်းကာ အလုပ်သမား ၂၁၀ဝ၀ ကျော် ထပ်မံ ခေါ်ယူရန် ပြင်ဆင် ရပြန် ပါသည်။ ပထမ အကြိမ် စုဆောင်း စဉ် က ခရိုင် ကိုးခု သတ်မှတ် ရှာဖွေ စုဆောင်း ခဲ့ရာ ဒုတိယ အကြိမ် အတွက် ကျောက်ဆည်၊ မအူပင်၊ မင်းဘူး၊ ပခုက္ကူ၊ သရက် ငါးခရိုင် ကို ထပ်မံ တိုးချဲ့ ရှာဖွေ စုဆောင်း ခဲ့သည်။ စုဆောင်းရေး အရာရှိ ဦးရေ ကိုလည်း ယခင် က အလုပ် သမား တစ်ထောင် အတွက် တစ်ဦး ကျထား ရှိရာမှ ဒုတိယ အကြိမ် စုဆောင်း စဉ် တစ်ရာ လျှင် တစ်ဦးနှုန်း ပြောင်းလဲ ထားရှိ ခဲ့သည်။ သို့ဖြင့် ၁၇၆၁၅ ဦး ထပ်မံ စုဆောင်း နိုင်ခဲ့ လေသည်။
တတိယ အကြိမ်
*******
မိုးတွင်း ကာလ မီးရထား လမ်း ဖောက်လုပ်ရာ တွင် ငှက်ဖျား ရောဂါ၊ ဝမ်း ရောဂါ ဖြစ်ပွား မှုများ ကြောင့် တစ် ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ ထွက်ပြေး မှုများ ရှိ နေရာ အမှတ် ၁၅ ဂျပန် တပ်မတော် မှ တောင်း ဆို ၍ ၁၉၄၃ ခု ဇူလိုင် လ တွင် အလုပ် သမား ၂၀ဝဝဝ ထပ်မံ စုဆောင်း ပေး ရပြန် ပါသည်။ ဤတစ် ကြိမ် တွင် ရွှေဘို၊ ကသာ နှင့် မုံရွာ ခရိုင် များ ကို ဦးတည် စုဆောင်း ၏။ တတိယ အကြိမ် စုဆောင်း ရာတွင် အလုပ် သမား အင်အား ၂၁၀၆၉ ဦး ထပ်မံ စုဆောင်း ရရှိခဲ့သည်။
ဟေးဟိုးတပ်
*********
ဟေးဟိုးတပ် (Heiho) ခေါ် မျိုးချစ် တက် လူငယ် များ အဖွဲ့ ကို မြန်မာ နိုင်ငံ ဂျပန် တပ်မတော် ဌာနချုပ် ၌ ဖွဲ့စည်း ထား ရှိပါသည်။ ၂၀ ဧပြီ ၁၉၄၃ တွင် ဟေးဟိုး တပ် သို့ မျိုးချစ် လူငယ်များ ဝင်ရောက် ကြရန် မြန်မာ့ အလင်း သတင်းစာ မှ ဖော်ပြ ခဲ့သည်။ ယင်း တပ်မှာ အရံ တပ် ဖွဲ့ တစ်ခု ဖြစ်ပြီး ချွေး တပ်သား အလုပ် သမား များ စုဆောင်းရာ ၌ အဓိက နေရာ မှ ပါဝင် ခဲ့သည်။
သံဖြူဇရပ် စစ်သင်္ချိုင်း
************
သံဖြူဇရပ် မြို့ အနီး တွင် သေမင်း တမန် မီးရထား လမ်း ဖောက်လုပ် ခဲ့ခြင်း အထိမ်း အမှတ် အဖြစ် ပြ တိုက် နှင့် မဟာမိတ် စစ်သင်္ချိုင်း တို့ တည်ရှိ ပါသည်။ စစ်သင်္ချိုင်း မှာ ဒုတိယ ကမ္ဘာစစ် အတွင်း က ကျဆုံး ခဲ့သည့် အင်္ဂလိပ်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ မြန်မာ၊ မလေးရှား၊ နယ်သာလန် စသည့် နိုင်ငံ များ မှ စစ်သည် ၃၆၁၇ ဦး အတွက် အရိုးပြာ များ ကို မြူပ်နှံ ထားခြင်း ဖြစ် သည်။ ယင်း စစ်သင်္ချိုင်း ကို ၁၈ ဒီဇင်ဘာ ၁၉၄၆ က ဗိုလ်ချုပ် အောင်ဆန်း နှင့် ဘုရင်ခံ ဆာဟူး ဘတ်ရန့် တို့ လာ ရောက် ဖွင့်လှစ် ပေးခဲ့သည်။
ဝတ္ထု ရုပ်ရှင်
*****
စာရေး ဆရာကြီး မောင်ထင် ၏ ငဘ ဝတ္ထု သည် ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ် ရေး အတွက် ချွေးတပ် နှင့် အတူပါ သွားသူ တောင်သူ လယ်သမား တစ်ဦး ၏ ဘဝကို သရုပ်ဖော် ထား သော ဝတ္ထု ဇာတ်လမ်း ဖြစ်ပါ သည်။ ဤ ဇာတ်လမ်း ကိုပင် တစ်ခေတ် တစ်ခါ က ပြည်သူ့ အသဲစွဲ မင်းသား ရွှေဘ က ငဘ အဖြစ် သရုပ်ဆောင် ရိုက်ကူး ခဲ့သည်။ နာမည် ကျော် A Bridge on the River Kwei ရုပ်ရှင် ဇာတ်ကား မှာ ဒုတိယ ကမ္ဘာစစ် အတွင်း သေမင်း တမန် မီးရထား လမ်း ရှိ ကွေးမြစ် တံတား ပေါ် မှ ဇာတ်လမ်း တစ်ပုဒ် ကို အခြေခံ ရိုက်ကူး ထားခြင်း ဖြစ်သည်။
Source:ဗဟုသုတ