အဆင့်ခုနှစ်ဆင့်ရှိ ဘုံတလာရေတံခွန်ကို အဆင့်မြှင့်တင်မှုနှင့်အတူလမ်းများဖောက်လုပ်ရန် ရည်ရွယ်


12 November, 2020

ချင်းပြည်နယ်၊မတူပီ မြို့နယ်ရှိဘုံတလာရေတံခွန်သို့ ခရီးသွားဝင်ရောက်မှုများလာသောကြောင့် သွားလာမှုအဆင်ပြေစေရန်လမ်းဖောက်လုပ်မှုနှင့် အဆင့်မြှင့်တင်မှုများပြုလုပ်မည်ဖြစ်ကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ပြောကြားခဲ့ကြောင်း သိရသည်။

ရေတံခွန်ရောက်ရန် မတူပီမြို့မှ ဟားခါးသို့သွားသောလမ်းအတိုင်းငါးမိုင်ခန့်ရောက်လျှင်ညာဘက်သို့သွားသော လမ်းခွဲလေးအတိုင်း ဘုံတလာရေတံခွန်ဘက်သို့ဆက်သွားရမည်ဖြစ်သည်။

လမ်းတွင် သံတံတားတစ်စင်းနှင့် ကြိုးတံတားတစ်စင်းကို ဖြတ်ရမည်ဖြစ်ကြောင်း၊ထိုလမ်းများကိုလည်း အဆင့်မြှင့်တင်မည်ဖြစ်ကြောင်းသိရသည်။

ရေတံခွန်သည် ပထမ၊ဒုတိယအဆင့်နှင့် တတိယအဆင့်များကိုသာ လည်ပတ်နိုင်သေးကြောင်း၊ထို့ကြောင့် ခရီးသွားလုပ်ငန်းအတွက် အပေါ်အထိရောက်နိုင်ရန် လမ်းဖောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘုံတလာရေတံခွန်သည်မတူပီမြို့တောင်ဘက် ၁ဝမိုင်ခန့်အကွာ၊ဖနိုင်ကျေးရွာအုပ်စု၊ထီစောင်းရွာတောင်ဘက် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ၄၂ဝဝကျော်တွင် တည်ရှိပြီး ပထမဦးစွာကား သို့မဟုတ်ဆိုင်ကယ်ဖြင့် သွားပြီးပါက ခြေလျင်ခရီးကို မိနစ်၃ဝခန့်လျှောက်ရကြောင်း၊လမ်းတစ်လျှောက်တွင် ရွှေ့ပြောင်းတောင်ယာစိုက်ခင်းများ၊လှေကားထစ်စိုက်ခင်းများ၊ကျေးရွာများနှင့် တောတန်းများကို တွေ့ရှိနိုင်သောကြောင့် သဘာဝအခြေခံခရီးသွားလိုသူများလာရောက်မှုရှိကြောင်း သိရသည်။

ချင်းပြည်နယ်သည် အခြားသောခရီးစဉ်ဒေသများနှင့် မတူသော ထူးခြားသည့် သဘာဝအလှအပများ ပိုင်ဆိုင်ထားပြီး ပျမ်းမျှအမြင့်ပေ ၅ဝဝဝနှင့် ၈ဝဝဝကြားရှိ တောင်တန်းများဖြင့် ဖွဲ့စည်းထားသည့် တောင်တန်းဒေသတစ်ခုဖြစ်ကာ ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယနိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ရှားပါးဌက်မျိုးစိတ်များ၊သဘာဝပေါက်ပင်နှင့် သစ်ပင်ပန်းမန်များ၊သဘာဝရေကန်များ၊လိပ်ပြာများနှင့် တောရိုင်းတိရစ္ဆာန်များကို လေ့လာနိုင်သည့် အပြင်ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ၏ဓလေ့စရိုက်များနှင့် နေထိုင်မှုပုံစံများ၊ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ဝတ်စားဆင်ယင်ပုံများကိုပါလေ့လာနိုင်သော ဒေသဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်သို့ ခရီးသွားဝင်ရောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် အရေအတွက် တိုးလာလျက်ရှိရာ ယခုအခါ နတ်မတောင်အမျိုးသားဥယျာဉ် အပါအဝင် အခြားနေရာများဖြစ်သည့် ဘွေပါးတောင်နှင့် ဇိမ်မှုတောင်တို့အား ခရီးသွားလုပ်ငန်းများ၏အခြေခံစခန်းအဖြစ်တိုးချဲ့တည်ထောင်ရန် တိုင်းတာမှုများဆောင်ရွက်နေကြောင်း သိရသည်။

Pyi Myanmar

Tips Read 237 times