အခြေခံ အဆောက်အအုံ ကဏ္ဍ ဆီသို့ ဆောက်လုပ်ရေး ကဏ္ဍ အရွေ့အပြောင်း


04 December, 2020

ဈေးကွက်ဖြေလျော့ပေးမှုသည် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် တံခါးများပိုမိုကျယ်ပြန့်စွာဖွင့်ပေးလိုက်ခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးတိုးတက်လာခြင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းသည် အဓိကမောင်းနှင်အားတစ်ရပ် ဖြစ်လာလျက်ရှိသည်။

စီးပွားရေးတိုးတက်လာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးဈေးကွက်အတွင်း၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းကရိယာများနှင့် အိမ်ခြံမြေလုပ်ငန်းတို့တွင် ကြီးမားသောဈေးကွက်အခွင့်အလမ်းများစွာ ရှိနေသည်။


မြန်မာ့ဆောက်လုပ်ရေး လုပ်ငန်းသည် ၂၀၁၂ ခုနှစ်ကတည်းက တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာခြင်းဖြစ်ပြီး လုပ်ငန်းတစ်ခုလုံး၏ တန်ဖိုးပမာဏသည်

၂၀၁၅ ခုနှစ်တွင် မြန်မာကျပ်ငွေ ၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇.၃၁ ဘီလျံ) သို့ ရောက်ရှိခဲ့ကာ တစ်နှစ်လျှင် ၁၀.၃၇ ရာခိုင်နှုန်းဖြင့် တိုးတက်လာနေသည်။

၂၀၁၈ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုလုံး၏ တန်ဖိုးသည် မြန်မာကျပ်ငွေ ၁၁.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉.၅၈ ဘီလျံ) အထိ ရှိလာခဲ့ပြီး ယင်းပမာဏသည် နိုင်ငံဂျီဒီပီ၏ ၁၆.၆၉ ရာခိုင်နှုန်းနှင့်လည်း ညီမျှသည်။


မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးများ အဆင့်မြှင့်တင်ရန်အတွက် အစိုးရ၏ငွေကြေးသုံးစွဲမှုများ မြင့်တက် လာခြင်းနှင့် ပြည်တွင်းနှင့်ပြည်ပမှ

အိမ်ခြံမြေလုပ်ငန်း ရင်းနှီးလုပ်ကိုင်သူများအနေဖြင့် တိုးတက်လာသော လူဦး ရေ၏ လိုအပ်ချက်အရ လူနေအိမ်ယာများဆောက်လုပ်ခြင်းကို ပိုမိုစိတ်ဝင်စားလာခြင်းတို့ကြောင့်

ဆောက်လုပ်ရေးလုပ်ငန်း၏ တိုးတက်မှုနှုန်းသည် ပညာရှင်များခန့်မှန်းထားသည့် ကာလရောက်သည်အထိ ခိုင်မာနေဦးမည်ဖြစ်သည်။


ဆောက်လုပ်ရေးကဏ္ဍသည် အစိုးရသစ်၏လက်အောက်တွင် ပြုပြင်ပြောင်းလဲမှုများရှိနေပြီး အစိုးရအနေဖြင့် အဆောက်အဦးအရည်အသွေးများကို ထိန်းညှိရန်အတွက်


• စည်းမျဉ်းများ၊


• စည်းကမ်းများ၊


• ဥပဒေများ၊


• စံနှုန်းများ


အပေါ် အလေးအနက်ထား လုပ်ဆောင်လျက်ရှိသည်။


လမ်းတံတားဆောက်လုပ်ခြင်း၊ လျှပ်စစ်ဓာတ်အားနှင့် သန့်ရှင်းသောသောက်သုံးရေရရှိရေးတို့ကဲ့သို့သော အခြေခံအဆောက်အဦးများ ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ရန်လိုအပ်ခြင်းတို့ကြောင့်

ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၌ ဈေးကွက်တောင်းဆိုချက်များစွာ ရှိနေဦးမည်ဖြစ်သည်။


ယင်းအခြေခံအဆောက်အဦးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းသည် အစိုးရသစ်မှ ဖော်ဆောင်နေသော လူမှုဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးစီမံကိန်းတစ်ခုပင်ဖြစ်သည်။


တစ်ဆက်တည်းတွင် မြန်မာနိုင်ငံသည် စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့နိုင်ငံများအပါအဝင် ၎င်း၏အိမ်နီးချင်းနိုင်ငံများနှင့်အတူ One-Belt-One-Road စီမံကိန်းအရ

စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရာတွင် အခြေခံအဆောက်အဦးကွာဟချက်များကို လျှော့ချဖို့ အပူတပြင်းလိုအပ်နေသည်။

၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့သော ကိန်းဂဏန်းအချက်အလက်များအရ မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုံး တွင် လူနေအိမ်ယာဆောက်လုပ်ရေးကဏ္ဍက ၅၀ ရာခိုင်နှုန်းဖြင့်ကြီးစိုးထားပြီး

အခြေခံအဆောက်အဦး ဆောက်လုပ်မှုက ၃၀ ရာခိုင်နှုန်းခန့်သာရှိကာ စက်မှုဇုန်နှင့် စီးပွားဖြစ်အဆောက်အဦးများ ဆောက်လုပ်ခြင်းတို့ က ၁၄ ရာခိုင်နှုန်းနှင့် ၆ ရာခိုင်နှုန်းတို့ အသီးသီးရှိကြောင်း သိရသည်။


အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် ( ADB) က မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးကွာဟချက်မှာ လက်ရှိအချိန် မှ ၂၀၃၀ ခုနှစ်သို့ရောက်ရှိလာချိန်တွင်

တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၀ ဘီလျံခန့်အထိ ရှိလာနိုင်မည်ဟု ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေတိုးတက်လာမှုနှင့်အတူ မြို့ကြီးများ၌နေထိုင်ကြသူ

၁၀ သန်းခန့် အတွက် ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ အခြေခံအဆောက်အဦးများတည်ဆောက်ရန် ဒေါ်လာ ၃၂၀ ဘီလျံခန့် ထပ်ဆောင်းလိုအပ်နေကြောင်း ADB ၏ အဆိုအရ သိရသည်။


ဒါ့အပြင် ဈေးကွက်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းများကိုပေးစွမ်းနိုင်ဖို့ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အဦးများကို အဆင့်မြှင့်တင်တည်ဆောက်ရန်

လိုအပ်ပြီး ပျက်ကွက်ခဲ့ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးသွားစေနိုင်သည်ဟု ADB က ထောက်ပြခဲ့သည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးစနစ်ကို ၂၀၃၀ ခုနှစ်အထိ

အဆင့်မြှင့်တင်ဖို့ အမေရိကန်ဒေါ်လာ ၆၀ ဘီလျံခန့် လိုအပ်ကြောင်း ADB က ဆိုခဲ့သည်။


လက်ရှိအချိန်တွင် မြန်မာအစိုးရသည်


• အမျိုးသားသယ်ယူပို့ဆောင်ရေး အထူးစီမံကိန်း (NTMP) ၊


• အမျိုးသား လျှပ်စစ်ဓာတ်အားစနစ်စီမံကိန်း (NEP) ၊


• ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (JICA) ၏ အကူအညီနှင့်အတူ ဆောင်ရွက် မည့် အမျိုးသားထောက်ပံ့ပို့ဆောင်ရေး အထူးစီမံကိန်း ( NLMP) နှင့်


• နိုင်ငံတော်ကုန်သွယ်မှုမြှင့်တင်ရေးမဟာဗျူဟာ (NES)


စသည့် စီမံကိန်းများကို ဆောက်ရွက်ရန်စီမံထားသည်။

ယင်းစီမံကိန်းများအတွင်း အဝေးပြေးလမ်းများခင်းခြင်း၊ ပျက်စီးယိုယွင်းနေသော မီးရထားလမ်းစနစ်များကို အဆင့်မြှင့်တင်ခြင်း၊ ဆိပ်ကမ်းအသစ်များနှင့် လေဆိပ်အသစ်များ တည်ဆောက်ခြင်းတို့ကဲ့သို့သော

စီမံကိန်းများပါဝင်သောကြောင့် အခြေခံအဆောက်အဦးဆောက်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နံှမှုများ မြင့်တက်လာမည်ဖြစ်သည်။


ထိုသို့ အစိုးရဘက်မှဆောက်ရွက်နေသည့် စီမံကိန်းများကြောင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ အနေဖြင့် လူနေအိမ်ယာဆောက်လုပ်ရေးကဏ္ဍထက် အခြေခံအဆောက်အဦးများတည်ဆောက်ခြင်းကဏ္ဍ အပေါ်

ပိုမိုစိတ်ပါဝင်စားလာလျက်ရှိသည်။ ထို့ကြောင့် အနာဂတ်တွင် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်း အတွင်း၌ အခြေခံအဆောက်အဦးများဆောက်လုပ်ရေးကဏ္ဍတွင် ပြည်တွင်းနှင့်ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများ၏

ရင်းနှီးမြှုပ်နှံမှုများစွာကို တွေ့မြင်ရတော့မည်ဖြစ်သည်။

Infrastructure and Zones Read 98 times