အာရှနိုင်ငံတွေက အဆိုပြုလွှာ လျှောက်ထားမှု အများဆုံးဖြစ်လာသော ရန်ကုန်မြို့သစ်စီမံကိန်း


10 December, 2020

  ရန်ကုန်မြို့သစ်စီမံကိန်း ရဲ့ ပထမအဆင့်အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းခြောက်ခုအတွက် အဆိုပြုလွှာ ခေါ်ယူရာမှာ လျှောက်ထားတဲ့ နိုင်ငံတွေထဲမှာ အာရှနိုင်ငံတွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

 အဲဒီ လုပ်ငန်း ခြောက်ခုထဲမှာတော့ စွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးတာ ၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ ဆိုက်ဘာဆက်သွယ်မှုအခြေခံအဆောက်အအုံ၊ စည်ပင်သာယာစွန့်ပစ်ပစ္စည်း စွန့်ပစ်တာ ၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူး တာနဲ့ ကွန်ဗင်းရှင်းစင်တာ တည်ဆောက်တဲ့ လုပ်ငန်းတွေ ပါဝင်တာပါ။

 ဒီလုပ်ငန်းတွေ လုပ်ဖို့ အဆိုပြုလွှာ တင်သွင်းလာတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းပေါင်း (၄၅) ခုရှိပြီး မြန်မာ၊ အိန္ဒိယ၊ ဖင်လန်၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ အီတလီ၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ အစရှိတဲ့ နိုင်ငံပေါင်းစုံက ပါဝင်တယ်လို့ ရန်ကုန်မြို့ သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမီတက် က သတင်းထုတ်ပြန်ထားပါတယ်။

 လျှောက်ထားလာသူတွေထဲက ပုဂ္ဂလိကနဲ့ အစိုးရတို့ အကျိုးတူပူးပေါင်းဆောင်ရွက်တဲ့ (Public Private Partnership) စနစ် အရ ရွေးချယ်ခံရတဲ့သူတွေဟာ NYDC ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဒီဇိုင်းဆွဲခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ တည်ဆောက်ခြင်းနဲ့ စီမံလုပ်ကိုင်ခြင်းတွေကို လုပ်ဆောင်ရမှာပါ။

 ဒါ့အပြင် နောက်ဆုံးဆန်ကာတင်ရွေးချယ်ခံရတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး အသေးစိတ် ဆက်လက်ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းကိုတော့ ကြည့်မြင်တိုင်တဖက်ကမ်း မှာ တည်ဆောက်မှာဖြစ်ပါတယ်။

Local Read 65 times