ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ခြင်းကို ၂ဝ၁၈ မေတွင် တံတားပန္နက်တင် မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်သွားရန်
ရည်ရွယ်ထားပြီး နှစ်လယ်ပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်သွားရန် လျာထားကြောင်းရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြောကြားထားမှုများ ရှိသော်လည်း
တံတားစီမံကိန်းနှင့် ပတ်သက်၍ ဆိပ်ကမ်းပိုင်းဆိုင်ရာမှ ကန့်ကွက်မှုများ ရှိနေကြောင်းသိရသည်။
ဒလတံတားတည်ဆောက်ရေး စီမံကိန်းစတင်နိုင်ရေးနှင့် ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပြီးယင်းအစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ကာတံတား စီမံကိန်းနှင့် ပတ်သက်၍ ဆိပ်ကမ်းပိုင်းဆိုင်ရာများက ကန့်ကွက်တင်ပြမှုများနှင့် အပြည်ပြည်ဆိုင်ရာသင်္ဘောကြီးများ ဝင်ထွက်မှု အခြေအနေမြန်မာ့ဆိပ်ကမ်းအာဏာပိုင်
အပါအဝင်ဝန်ကြီးဌာန၏ သက်ဆိုင်မှုများနှင့် ပတ်သက်၍ ပြောကြားသွားခဲ့ကြောင်းသိရသည်။
ယင်းဒလတံတားစီမံကိန်းကို ယခုလာမည့် ဇွန်လမှ စတင်ကာ တည်ဆောက်ရန် ပြင်ဆင်နေပြီဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဒလမြို့နယ်အတွင်းသောက်သုံးရေများ ဖြန့်ဝေ ပေးနိုင်ရေး ရေသန့်စင်စက်ရုံ ဖွင့်ပွဲ
အခမ်းအနားတွင် ပြောကြားသွားခဲ့သည်။သို့ရာတွင် တံတားစီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်ဆိပ်ကမ်းများဘက်မှ ကန့်ကွက်မှုများ ရှိနေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
တံတားတည်ဆောက်ခြင်းဖြင့် မြစ်ကြောင်းပြောင်းလဲနိုင်ကာ ဆိပ်ကမ်းများတွင် သောင်ထွန်းနိုင်၍ ပင်လယ်ကူးသင်္ဘောကြီးများ အဝင်အထွက်ကို ထိခိုက်နိုင်သဖြင့် နိုင်ငံ့ဝင်ငွေကို ထိခိုက်နိုင်သည်ဟု
ဆိုကာ ကန့်ကွက်မှုများ ရှိနေသည်ဟုသိရသည်။
တံတား တည်ဆောက်ရေးစီမံကိန်းစတင်မည်ဖြစ်ရာ ဒလမြို့နယ် ဘက်ကမ်းရှိတံတားအူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာလျော်ကြေး နှင့် မြေငှားရမ်းခများကို ဖြေရှင်းဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။
တံတား တည်ဆောက်ရာတွင် အဓိက အနေဖြင့် ကိုရီးယားကုမ္ပဏီမှ ဦးဆောင်၍ တည်ဆောက်သွားမည်ဖြစ်ပြီး တံတားပေါ်တွင် ၅ဝဝ မီလီမီတာအချင်းရှိ ရေချိုပိုက် လိုင်း ၂ခုကို တံတား တစ်ဖက်စီတွင် ဒီဇိုင်းပြုလုပ်ထားကာ
သံမဏိကြိုးတံတားပေါ်တွင် တံတားကြီး နှင့် ညအလှမီးများ တပ်ဆင်သွားမည်ဖြစ်ကြောင်း တံတား တည်ဆောက်ချိန် ၃၉လ ကြာမြင့်မည်ဖြစ်ပြီး ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်အစောပိုင်းတွင် တည်ဆောက်ပြီးစီး
သွားရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ကိုရီးယား-မြန်မာချစ်ကြည်ရေးဒလ မြစ်ကူးတံတား အမျိုးအစားမှာ သံမဏိကြိုး ဆိုင်းတံတား၊တံတားခံနိုင်ဝန် ယာဉ်တစ်စီးချင်း(၇၅)တန်၊စုစုပေါင်းတံတားအရှည် ၆၁၄၄ပေ၊ပင်မ တံတားအရှည်၁၉၃၆ ပေ၊
ချဉ်းကပ်တံတား(ရန်ကုန်ဘက်ကမ်း)၂ဝ၂၆ပေ၊ချဉ်းကပ် တံတား(ဒလဘက်ကမ်း)၂၁၈၂ပေ၊ပင်မ တံတားအကျယ် (လေးလမ်းသွား) ၈၇ပေ၊ချဉ်းကပ်တံတား အကျယ်(ရန်ကုန်ဘက်ကမ်း) ၄၇ပေ၊ချဉ်းကပ်တံတားအကျယ်(ဒလဘက်ကမ်း)၆၈ပေ၊
ဆင်ခြေလျှော် တံတားများအကျယ်(တလမ်းသွား) ၂၃ပေ၊ရေလမ်းကင်းလွတ်အမြင့် ၄၉မီတာ၊ရေလမ်းကင်းလွတ်အကျယ် ၃၂ဝမီတာ နှင့် Dead Weight Tonnage (DWT) ၁၅,ဝဝဝ တန်ချိန်
ပင်လယ်ကူးသင်္ဘောကြီး များဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။
ယင်းကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလ မြစ်ကူးတံတားကြီးကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာ့အစိုးရ
ထည့်ဝင်ငွေ ၃ဝ ဒသမ ၃၄၁ သန်း စုစုပေါင်း ခန့်မှန်းကုန်ကျ စရိတ် အမေရိကန် ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။