သီလဝါ၊ကျောက်ဖြူနှင့် ထားဝယ် စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူများ ရရှိမည့်အကျိုးကျေးဇူးများ


18 November, 2020

၂ဝ၁၄ခုနှစ်တွင်ပြဌာန်းခဲ့သည့် အထူးစီးပွားရေးဇုန်ဥပဒေနှင့် အကောင်အထည်ဖော်လုပ်ဆောင်သည့် နည်းဥပဒေကို ၂ဝ၁၅ခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ဤဥပဒေသည်မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်များ (SEZs)ပေါ်ပေါက်လာစေရန် လမ်းဖွင့်ပေးခဲ့သည်။

ယခုအချိန်တါင် SEZ သုံးခုကို အကောင်အထည်ဖော်လျက်ရှိသည်။ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါ အထူးစီးပွားရေး ဇုန် တို့ဖြစ်သည်။

သက်ဆိုင်ရာအထူးစီးပွားရေးဇုန်များတွင် စီမံအုပ်ချုပ်ကြီးကြပ်သည့်လုပ်ငန်းများအတွက် ဗဟိုအဖွဲ့၊ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှုကော်မတီတို့ကို အထူးစီးပွားရေးဇုန် ဥပဒေအရ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

SEZ များတွင် ကင်းလွတ်ဇုန်၊လုပ်ငန်းမြှင့်တင်ရေးဇုန်နှင့် အခြားဇုန်များပါဝင်သည်။

အထူးစီးပွားရေးဇုန်ဥပဒေ(၂ဝ၁၄)၏အခန်း (၁)၊ပုဒ်မ(၃)တွင် ကင်းလွတ်ဇုန်ကို နိုင်ငံပြင်ပတွင် တည်ရှိသကဲ့သို့ယူဆမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

ကင်းလွတ်ဇုန်သည် အဓိကအားဖြင့် ပြည်ပတင်ပို့သည့် စျေးကွက်ကို အဓိက ထားရန်ဖြစ်ပြီး ယင်းဇုန်တွင် ကုန်ထုတ်လုပ်မှုနယ်မြေ၊သယ်ယူထောက်ပံ့ရေးလုပ်ငန်းများနေရာနှင့် လက်ကားရောင်းဝယ်ဖောက်ကားသည့်နေရာများပါဝင်သည်။

SEZ အတွင်းမှ ကုန်စည်များနှင့် ဇုန်အတွင်းတင်သွင်းသော ကုန်စည်တို့အတွက် အကောက်ခွန်နှင့် အခြားအခွန် ကင်းလွတ်ခွင့်များ ရရှိနိုင်သည်။

လုပ်ငန်းမြှင့်တင်ရေးဇုန်သည် အဓိကအားဖြင့် ပြည်တွင်းစျေးကွက်နှင့် အထူးစီးပွားရေးဇုန်များအတွင်းရှိ စျေးကွက်ပေါ်တွင် အခြေခံထားသည်။

ယင်းဇုန်တွင် ကုန်ထုတ်လုပ်မှု၊အိမ်ရာများ၊ကုန်တိုက်များ၊ဘဏ်လုပ်ငန်းများ၊အာမခံလုပ်ငန်းများ၊ကျောင်းများ၊ဆေးရုံများနှင့် အပန်းဖြေနားနေရာများကဲ့သို့သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်းသိရသည်။

 

ကင်းလွတ်ဇုန်များ 
ပထမ(၇)နှစ်အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်
(၇)နှစ်ကျော်လွန်ပြီးနောက် နောက်ထပ်(၅)နှစ်အတွက် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏၅ဝရာခိုင်နှုန်းသက်သာခွင့်    
(၁၂)နှစ်ကျော်လွန်ပြီးနောက် နောက်ထပ်(၅)နှစ်အတွက် သီးသန့်ရန်ပုံငွေထား၍တစ်နှစ်အတွင်းယင်းလုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုမြတ်စွန်းငွေအပေါ် တည်ဆဲဥပဒေအရ သတ်မှတ်ထားသည့် ဝင်ငွေခွန်နှုန်းထား၏ ၅ဝရာခိုင်နှုန်း သက်သာခွင့်
ကုန်သွယ်ခွန်နှင့် တန်ဖိုးဖြည့် အခွန်ကင်းလွတ်ခွင့်    
ထုတ်လုပ်ရေးအတွက်ကုန်ကြမ်းများ၊စက်ပစ္စည်းကိရိယာများနှင့် အရန်ပစ္စည်းများ၊စက်ရုံများ၊သိုလှောင်ရုံများနှင့် ကိုယ်ပိုင် ရုံးခန်းများကဲ့သို့သောအဆောက်အအုံများ တည်ဆောက်ရန်ဆောက်လုပ်ရေးပစ္စည်းများနှင့် မော်တော်ယာဉ်များကို ပြည်ပမှ တင်သွင်းရာတွင် အကောက်ခွန်နှင့် အခြားအခွန်အခများ ကင်းလွတ်ခွင့်    
အခွန်လွတ်လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ပြည်ပတင်ပို့သည့်ကုန်သွယ်ရေးလုပ်ငန်းနှင့် ထောက်ပံံ့ပို့ဆောင်ရေးကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများအတွက် တင်သွင်းသည့် ကုန်သွယ်မှုပြုလုပ်မည့် ရောင်းကုန်များ၊ရောင်းချပြီးမှ ငွေချေမည့် ကုန်စည်များ၊ယင်းလုပ်ငန်းများအတွက် အမှန်တကယ်လိုအပ်သည့် မော်တော်ယာဉ်များနှင့် အခြားပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် အကောက်ခွန်နှင့် အခြားအခွန်အခများကင်းလွတ်ခွင့်
ကင်းလွတ်ဇုန်ရှိ ရင်းနှီးမြှုပ်နှံသူသည် ပြည်တွင်း သို့မဟုတ် လုပ်ငန်းမြှင့်တင်ရေးဇုန်မှ ကင်းလွတ်ဇုန်သို့တင်သွင်းသည့် ကုန်ပစ္စည်းတင်သွင်းခွန်ကို သော်လည်းကောင်း တန်ဖိုးဖြည့်အခွန်ကိုသော်လည်းကောင်း ကင်းလွတ်ခွင့်လျှောက်ထားနိုင်သည်။    


လုပ်ငန်းမြှင့်တင်ရေးဇုန်များ
ပထမ(၅)နှစ်အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်
(၅)နှစ်ကျော်လွန်ပြီးနောက်နောက်ထပ်(၅)နှစ်အတွက် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅ဝရာခိုင်နှုန်း
(၁ဝ)နှစ်ကျော်လွန်ပြီးနောက်နောက်ထပ်(၅)နှစ်အတွက် သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတါင်း ယင်းလုပ်ငန်းတွင် ပြန်လည် ရင်းနှီးမြှုပ်နှံလျှင် ထိုမြတ်စွန်းငွေအပေါ်တည်ဆဲဥပဒေအရ သတ်မှတ်ထားသည့် ဝင်ငွေခွန်နှုန်းထား၏ ၅ဝရာခိုင်နှုန်း သက်သာခွင့်
ပထမ(၅)နှစ်တွင် ထုတ်လုပ်ရေးအတွက်အသုံးပြုသည့်စက်ပစ္စည်းကိရိယာများနှင့် အရန်ပစ္စည်းများ၊စက်ရုံ၊သိုလှောင်ရုံ၊ကိုယ်ပိုင်ရုံးခန်းတို့ တည်ဆောက်ရန်အတွက် ဆောက်လုပ်ရေးပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် အကောက်ခွန်နှင့် အခြားအခွန်အခများ ကင်းလွတ်ခွင့်
အထက်ဖော်ပြပါ အရင်းအမြစ်တို့အတွက် နောင် ၅နှစ်အတွင်း အကောက်ခွန်နှင့် အခြားအခွန်စည်းကြပ်ခြင်းများမှ ၅ဝရာခိုင်နှုန်း သက်သာခွင့်ရရှိမည်ဖြစ်သည်။
ကုန်ထုတ်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများနှင့် အခြားကုန်စည်များတင်သွင်းမှုအတွင် အကောက်ခွန်နှင့် အခြားအခွန်အခများကို ပေးဆောင်ရမည်။
အထက်ပါ တင်သွင်းသော ပစ္စည်းများကိုအသုံးပြု၍ ထုတ်လုပ်ထားသော ကုန်ချောပစ္စည်းများကို ပြည်ပသို့ဖြစ်စေ၊ကင်းလွတ်ဇုန်အတွင်းသို့ဖြစ်စေ တင်ပို့ခြင်းဖြစ်လျှင် ယင်းပစ္စည်းများတင်သွင်းသည့် အချိန်ကပေးဆောင်ခဲ့ရသည့် အကောက်ခွန်နျင့် အခြားအခွန်အခများကို ပြန်လည်ထုတ်ပေးရန်လျှောက်ထားနိုင်သည်။
အထူးစီးပွားရေးဇုန် ဥပဒေတွင် ကုန်သွယ်ခွန်နှင့် တန်ဖိုးဖြည့်အခွန်တို့အား ၎င်းအခွန်များသက်သာခွင့်ပေးသည့် ကာလအတွင်း ကင်းလွတ်ခွင့် ပေးထားသည်။
အခြားအခြေအနေများတွင် စီးပွားရေးလုပ်ငန်းများသည် အကောက်ခွန်နှင့် ကုန်ထုတ်လုပ်မှုအတွက်တင်သွင်း သော ကုန်ကြမ်းနှင့် ကုန်ချောများအား စည်းကြပ်ထားသည့်အခွန်များကို ပုံမှန်အတိုင်းပေးဆောင်ရမည်။

Infrastructure and Zones Read 57 times