သီလဝါ အထူးစီးပွားရေးဇုန်ထုတ် ကုန်ပစ္စည်းများ သယ်ရန် မြို့ပတ်လမ်းများ တည်ဆောက်မည်


08 December, 2019

သီလဝါအထူးစီးပွားရေးဇုန် ထုတ်ကုန်ပစ္စည်းများကို အာရှဒေသတွင်းဈေးကွက်နှင့် ပြည်တွင်းဈေးကွက်ကို

ဖြန့်ဖြူးရောင်းချရန်အတွက် မြို့ပတ်လမ်းများကို ဖော်ဆောင်မည်ဖြစ်ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးရွှေဟိန်း က “သယ်ယူပို့ဆောင်ရေး ဧရိယာကို လျာထားတာတော့ရှိတယ်။ နောက်ပိုင်းမှာလဲ port တွေကို တခုပြီး တခု နိုင်ငံတကာ အဆင့်မီအောင် ဂျပန်နည်းပညာနဲ့ မတ်လကုန်မှာ ဆိပ်ကမ်းတွေ ပိုမိုကောင်းမွန်အောင် လုပ်တော့မှာ။ ရထားလမ်းလည်း လုပ်ဖို့ လျာထားတာရှိတယ်” ဟု ပြောသည်။

အဆိုပါ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးလျှင် အာရှစီးပွားရေး ဈေးကွက်ဖြစ်သော ထိုင်း၊ ယူနန်၊ ဗီယမ်နမ်၊ လာအို အစရှိသည့် နိုင်ငံများကို သီလဝါ အထူးစီးပွားရေးဇုန်မှ ထုတ်ကုန်ပစ္စည်းများ တင်ပို့နိုင်မည့်အပြင် ပြည်တွင်း ဈေးကွက်ကိုလည်း လျှင်မြန်လွယ်ကူစွာ ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဓိကအားဖြင့် နိုင်ငံခြားသွင်းကုန်များကို လျှော့ချပြီး သီလဝါအထူးစီးပွားရေးဇုန်မှ ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရန်အတွက် ဇုန်တွင် ရင်းနှီးမြှုပ်နှံသူများကို ပြည်တွင်းဈေးကွက်ကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုများ ပို၍ ဖိတ်ခေါ်နေကြောင်း သိရသည်။

Myanmar Japan Thilawa Development  ကုမ္ပဏီ ဒါရိုက်တာ ဒေါက်တာ ဉာဏ်သစ်လိူင် က “ကျနော်တို့ ကုန်ထုတ်လမ်းလို့ပြောတဲ့ လေးလမ်းသွားကြီးတွေကို အခု ခင်းနေပါပြီ။ ဒါက ရန်ကုန်မြို့ထဲကို သွားလို့ရတာဖြစ်သလို၊ ရန်ကုန်မြို့ကို ရှောင်ကွင်းပြီးတော့ ပဲခူးကိုသွားတဲ့ လမ်းကိုလည်း အခု တပြိုင်နက်ထဲ သွားကြမှာပါ။ ဒီလိုကုန်ထုတ်လမ်းကြီးတွေကတော့ ကျနော်တို့ ကုန်ချောပို့ဖို့ အနေနဲ့ရှိပါတယ်။ ပြီးတော့ မီးရထားပို့ဆောင်ရေးကို အမြန်ဆုံးစနိုင်အောင် Master Plan လုပ်နေပါပြီ။ ကျနော်တို့ ဇုန်က ထွက်တဲ့ ပစ္စည်းတွေက ပြည်တွင်းသာမက ပြည်ပကိုလည်း သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကုန်ထုတ်လမ်းကြီးများမှာ ကုန်ကြောင်းအနေနှင့်ရှိပြီး Dry Port ဟုခေါ်သော မီးရထားလမ်းကို နိုင်ငံတော်မှ တာဝန်ယူ ဆောင်ရွက်ရသောကြောင့် ရင်းနှီးမြှုပ်နှံမှု ပမာဏကို ပြောကြားနိုင်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

ထို့အပြင် သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သားများ နေထိုင်ရန် မိသားစု အိမ်ရာများ (တန်းလျား)၊ ဈေးဝယ်စင်တာပါ အိမ်ရာများ၊ ဂျပန်နိုင်ငံအမှတ်တံဆိပ်ဖြစ်သော 3 star  အဆင့်ရှိ စူပါဟိုတယ်များများကို တည်ဆောက်နေပြီး နောက်ပိုင်းတွင် သီလဝါ အထူးစီးပွားရေးဇုန် B၊ အပိုင်း ခ တွင် ဘဏ်ရုံးခွဲများ၊ ဈေးဝယ်စင်တာများ၊ ရုံးခန်းတာဝါများကို တည်ဆောက်ရန် လျာထားကြောင်း ၎င်းက ပြောသည်။ 

အတွင်းရေးမှူး ဦးရွှေဟိန်း က “ကျနော်တို့က Free zone ရယ်၊ promotion ဇုန်ရယ် ခွဲထားတာပေါ့နော်။ Free zone ကတော့ နိုင်ငံခြား တင်ပို့ဖို့အတွက် ဦးစားပေးတယ်။ စက်ရုံ ၁၀၃ ရုံထဲမှာ နိုင်ငံခြားကို တင်ပို့တဲ့ ကုမ္ပဏီက ၄၀ ကျော်ရှိတယ်။ ကျန်တဲ့ ၆၀ လောက်ကတော့ ပြည်တွင်းကို ဖြန့်ချီတယ်”ဟု ရှင်းပြသည်။

သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး လုပ်ငန်းများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းဇုန်ကို မြန်မာ-ဂျပန် ပုဂ္ဂလိက အဖွဲ့အစည်းတို့ ပူးပေါင်းဖွဲ့စည်းထားသည့်Myanmar Japan Thilawa Development Limited မှနေ၍ ရင်းနှီးတည်ဆောက်နေခြင်း ဖြစ်သည်။


 

အဆိုပါဖက်စပ်ကုမ္ပဏီတွင် မြန်မာဘက်က ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်က ၄၉ ရာခိုင် နှုန်းရှယ်ယာများ ပါဝင်ပြီး လက်ရှိတွင် သီလဝါ အထူးစီးပွားရေးဇုန်၏  စုစုပေါင်း မြေဧက ၅၇၂၄ ထဲမှာ ဇုန် A သည်မြေဧက ၁ ထောင်ကို အကောင်ထည်ဖော်နေပြီး ဇုန် B မှာလည်း မြေဧက ၄၀၀၊ ၅၀၀ ခန့်ကို အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်နဝါရီလ ၁၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၄၇ သန်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများအရ သိရသည်။

Infrastructure and Zones Read 237 times