ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသီလဝါအထူးစီးပွားရေးဇုန်တွင် ကုန်တင်၊ ကုန်ချဆိပ်ကမ်းတံတား ၂၇ စင်းကိုယခုနှစ်အတွင်းစတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင်အပြီးသတ်ဆောက်လုပ်ရန် ခန့်မှန်းထားကြောင်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှသိရသည်။
ထိုသို့အသစ်တည်ဆောက်မည့်ဆိပ်ကမ်းတံတားများတွင်ကုန်သေတ္တာ၊ စိုက်ပျိုးရေးထွက်ကုန်၊ ဆီအစရှိသည့် သီးသန့်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင်အသုံးပြုမည့်တံတားနှင့်ဘက်စုံသုံးတံတားဟူ၍ သတ်မှတ်ထားပြီး ၂၀၁၈ ခုနှစ်တွင်ငါးစင်းခန့်ပြီးစီးနိုင်ရန်မျှော်မှန်းထားကြောင်းသိရသည်။
သီလဝါအထူးစီးပွားရေးဇုန်တွင် ၁၉၉၆ ခုနှစ်ကဆိပ်ကမ်းတံတားဆောက်လုပ်ရန် ၃၇ ကွက်လျာထားပြီး ၁၀ ကွက်ဆောက်လုပ်ပြီးစီးခဲ့ကြောင်းသိရသည်။
၁၉၉၇ ခုနှစ်ကဆိပ်ကမ်းတံတားခြောက်စင်းဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင်ဆီအတင်အချပြုလုပ်နိုင်သည့် ဆိပ်ကမ်းတံတားလေးစင်းကိုထပ်မံဖွင့်လှစ်ခဲ့သည်။
ထို့ပြင်သီလဝါဆိပ်ကမ်းများသည်ကုန်တင်သင်္ဘောများဆိုက်ကပ်ရာတွင်ရေစူးကိုးမီတာ၊ သင်္ဘောအရှည် ၂၀၀ နှင့်တန်ချိန်နှစ်သောင်းလက်ခံနိုင်ကာရန်ကုန်မြို့အတွင်းရှိဆိပ်ကမ်းများသည် ရေစူးကိုးမီတာ၊ သင်္ဘောအရှည် ၁၆၇ မီတာနှင့်တန်ချိန်တစ်သောင်းခွဲလက်ခံနိုင်ကြောင်းသိရသည်။
Myawaddy newspaper