ဟောင်ကောင်အခြေစိုက် Hutchison Port Holding က မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း သီလဝါ၏ Phase 2 အပိုင်းကို မကြာမီ ရင်းနှီးမြှုပ်နှံမည်ဟု ကုမ္ပဏီ တာဝန်ရှိသူက ပြောကြားသည်။
မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသီလဝါ၏ Marketing Manager ဦးသန်းထွန်းက "စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်မှန်းထားတာရှိတော့ ကျွန်တော်တို့ဆိပ်ကမ်းချဲ့ထွင်ဖို့ Phase 2 အပိုင်းကို မကြာမီ ရင်းနှီးမြှုပ်နှံဖို့ရှိတယ်"ဟု ဆိုပါသည်။
မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသီလဝါ(MITT)၏ ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအကြောင်း ရှင်းလင်းပွဲတွင် ဦးသန်းထွန်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်ပြီး သီလဝါမှ ရွာသာကြီး-မန္တလေးအထိ ရထားဖြင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍကိုပါ သြဂုတ်တွင်စတင်နိုင်မည်ဟု ထပ်လောင်းပြောကြားထားပါသည်။
မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသီလဝါ(MITT)သည် Hutchison Port Holding ၏ ရာနှုန်းပြည့်ပိုင်ဆိုင်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ကန်ဒေါ်လာ ၁၅၈ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားထားပါသည်။
ဆိုက်ကပ်နိုင်မှုတံတားအရှည်မီတာ ၁,၀၀၀ရှိပြီး အကျယ်အဝန်း ၁၈၅ ဧကရှိကြောင်း၊ Phase 1 ၏ ကုန်သေတ္တာထားသိုနိုင်သည့် တည်ဆောက်မှုအပိုင်းပြီးစီးပြီဖြစ်ကြောင်း၊ တစ်နှစ်လျှင် ကုန်သေတ္တာလေးသိန်းခွဲ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း MITTက ထုတ်ပြန်ထားပါသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ရန်ကုန်ရှိ ဆိပ်ကမ်းများ၏ ကုန်သေတ္တာကိုင်တွယ်နိုင်မှု TEU ၁ ဒသမ ၄၃ သန်းရှိခဲ့ပြီး သီလဝါဆိပ်ကမ်းသည် TEU ၁၅၇,၇၅၅ ကိုင်တွယ်ခဲ့ကာ အေးရှားဝေါလ်၊ ထီးတန်းဆိပ်ခံတံတား၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ ဗိုလ်အောင်ကျော်ဆိပ်ခံတံတားငါးခုက TEU ၈၈၅,၇၁၄ ကိုင်တွယ်ခဲ့သည်ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားပါသည်။
Hutchison Port Holding သည် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသီလဝါအတွက် ရင်းနှီးမြှုပ်နှံမှုကို ၁၉၉၅က စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံ ၂၀ ကျော်တွင် ဆိပ်ကမ်း ၅၂ ခု ရင်းနှီးမြှုပ်နှံထားကြောင်း၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှအပါအဝင် အမေရိကတိုက်တို့တွင် ဆိပ်ကမ်းများ တည်ဆောက်ထားသည်။