မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရှောက်တောအုပ်စု ဆင်သေကွေ့ကျေးရွာ၌ ငွေကျပ်သိန်း ၂,၂ဝဝ ကျော်ဖြင့် ရွှေဆံပင်သံကူကွန်ကရစ် သင်ပုန်းချောင်းကူးတံတားတည်ဆောက်နေမှု ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါတံတား တာဝန်ရှိသူ ပြောကြားချက်အရ သိရသည်။
ဆင်သေကွေ့ကျေးရွာမှ အခြားအနီးဝန်းကျင်ကျေးရွာများသို့ လည်းကောင်း၊ အရှေ့ဘက်ဝမ်းတွင်းမြို့သို့လည်းကောင်း၊ အနောက်ဘက်အမြန်လမ်းနှင့် မလှိုင်မြို့သို့လည်းကောင်း သွားလာရေးတွင် သင်ပုန်းချောင်းအား မဖြစ်မနေ ဖြတ်သန်းသွားရ၍ ဒေသခံတို့၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးသာမက စီးပွားရေး ကူးလူးဆက်ဆံရောင်းဝယ်ဖောက်ကားရာတွင် များစွာအခက်အခဲဖြစ်ပေါ်ခဲ့ပြီး ရဟန်းရှင်တို့ ဆွမ်းခံလမ်းဖြစ်၍ ဆရာတော်တို့စိတ်မချမ်းမြေ့ဖွယ် ကြုံတွေ့နေရသဖြင့် အဆိုပါသံကူကွန်ကရစ်သင်ပုန်းချောင်းကူးတံတားကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
''သံကူကွန်ကရစ် သင်ပုန်းချောင်းကူးတံတားကို ဆရာတော်သုံးပါးရဲ့ဦးဆောင်မှုနဲ့ ဒေသခံတို့စုပေါင်းပြီး စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ အနယ်နယ် အရပ်ရပ်မှအလှူရရှိငွေနဲ့ တည်ဆောက်တာ အခုဆိုရင်တံတားမှာ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပါပြီ။ ကုန်ကျငွေစုစုပေါင်း ငွေကျပ်သိန်း ၂,၂၆ဝ ကျော် ကုန်ကျခဲ့ပြီဖြစ်ပါတယ်''ဟု တံတားတာဝန်ခံဦးကြည်ခိုင် ကပြောသည်။
မိမိတို့ကျေးရွာအတွက် အဆိုပါ တံတား၏ အရေးပါပုံနှင့် အခက်အခဲများကို အစိုးရအဖွဲ့သို့ တင်ပြတောင်းဆိုရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ ကျပ်သိန်း ၆၅ဝ ချထားပေးမည်ဖြစ်ပြီး ကော်မတီဖွဲ့စည်းကာ ငွေကြေးကူညီထောက်ပံ့မှုများ ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်သဖြင့် မိမိတို့ ဒေသအတွက် အလွန်အရေးပါသော သင်ပုန်းချောင်းကူးတံတားကို ဧပြီလအတွင်း အပြီး တည်ဆောက်နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ မြေလတ်ဆရာတော်က မိန့်ကြားသည်။
သင်ပုန်းချောင်းကူးတံတားသည် ဆင်သေကွေ့နှင့် အနီးဝန်းကျင်မှ ကျေးရွာရှစ်ရွာအတွက် အလွန်အရေးပါလှသဖြင့် တံတားကြီး မကြာမီပြီးစီးတော့မည်ကို ဒေသခံများက ဝမ်းမြောက်လျက်ရှိသည်။သံကူကွန်ကရစ် သင်ပုန်းချောင်းကူး တံတားမှာ သံကူကွန်ကရစ် ဘိုးပိုင်တံတား အမျိုးအစားဖြစ်ပြီး ရေလယ်တိုင်သုံးတိုင်၊ ချဉ်းကပ်ခုံနှစ်ခုံ၊ အမြင့် ၁ဝ ပေ၊ အရှည်ပေ ၁၈ဝ၊ ယာဉ်သွားလမ်း ၁၂ ပေ၊ ပလက်ဖောင်းတစ်ဖက် ၃ ပေ၊ တံတားခံနိုင်ဝန် ယာဉ်/ကုန် ၁၅ တန်ရှိကာ ချဉ်းကပ်လမ်းမှာ တစ်ဖက်လျှင်ပေ ၂ဝဝ ရှိကြောင်း သိရသည်။
Source: Myawaddy