တန်ဖိုးနည်းအိမ်ရာဝယ်လျှင် သိထားသင့်သောအချက်များ


08 November, 2020


တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးဘဏ်နှင့်ချိတ်ဆက်ဝယ်ယူနိုင်ပြီး သိထားသင့်သော အချက်အလက်များ ရှိကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနမှ တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

တိုက်ခန်းတစ်ခန်းကိုကျပ်သိန်း ၁ဝဝသတ်မှတ်ထားပြီးစုဆောင်းငွေအဖြစ် တိုက်ခန်း၏ ၃ဝရာခိုင်နှုန်းစုဆောင်းမိလျှင် ဝယ်ယူခွင့်လျှောက်ထားနိုင်ပြီး နောက်ပိုင်းတွင် တိုက်ခန်း၏၂ဝရာခိုင်နှုန်း စုဆောင်းမိလျှင်တိုက်ခန်းဝယ်ယူခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။

တန်ဖိုးနည်းတိုက်ခန်းဝယ်မည်ဆိုလျှင်ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်းအားစုဆောင်းငွေကျပ် တစ်သောင်းကျပ်နှင့် စတင်ဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊အိမ်ရာစုဆောင်းငွေစာရင်းဖွင့်ပြီး နောက် တိုက်ခန်း၏၃ဝရာခိုင်နှုန်းပြည့်ရန် ငွေစုဆောင်းသွားရမည်ဖြစ်ကြောင်း၊စုဆောင်းငွေပေါ်တွင် အတိုးခံစားခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။

တိုက်ခန်းတန်ဖိုးငွေ၏၃ဝရာခိုင်နှုန်းကို ဘဏ်မှာ စုဆောင်းပြီးကျန်တိုက်ခန်းတန်ဖိုးငွေ၏ ၇ဝရာခိုင်နှုန်းကို ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေးဘဏ်မှ တစ်နှစ်ကို ၁၂ရာခိုင်နှုန်းနှင့် ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ကျပ်သိန်း၁ဝဝ တန်တိုက်ခန်းဆိုလျှင်လစဉ်ပေးဆပ်ရမည့် ငွေပမာဏမှာ တစ်သိန်းကျပ်သာဖြစ်ပြီး ဆယ်နှစ်အရစ်ကျဆပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ်သော ရန်ကုန်မြို့ရှိ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ၊ယုဇနတန်ဖိုးနည်းအိမ်ရာ၊ကနောင်တန်ဖိုးနည်းအိမ်ရာ၊ရတနာနှင်းဆီအဆင့်မြှင့်အိမ်ရာ၊မန္တလေးတိုင်းရှိ မြရည်နန္ဒာအိမ်ရာတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေသည်ဟုသိရသည်။

ထို့အပြင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သည် မိမိဘဏ်စာရင်းတွင် တိုက်ခန်းတန်ဖိုး၏၃ဝရာခိုင်နှုန်း စုဆောင်းပြည့်သူများသည် တန်ဖိုးနည်းအိမ်ရာဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း ဆက်သွယ်အကြောင်းကြားပေးသည်ဟုသိရသည်။

အခန်းဝယ်ယူခွင့်ရရှိသူများသည် မိမိဝယ်လိုသောတိုက်ခန်းကိုစိတ်ကြိုက်လျှောက်ထားနိုင်ပြီး စိတ်ကြိုက်အခန်းထပ်နေပါက မဲစနစ်နှင့်ခွဲဝေကျင့်သုံးသွားမည်ဖြစ်ကြောင်းသိရသည်။

တန်ဖိုးနည်းအိမ်ရာစီမံကိန်းသည် အမှန်တကယ်အိမ်ပိုင်မရှိသော လိုအပ်သူများအတွက် ရည်ရွယ်ရောင်းချပေးသော အစိုးရစီမံကိန်းဖြစ်သောကြောင့် သက်ဆိုင်ရာဦးစီးဌာနမှ အိမ်ခန်းပိုင်ဆိုင်သူ အမှန်တကယ်နေထိုင်ခြင်းရှိ မရှိကို စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။

နေထိုင်ခွင့်ရသူများမှာ တိုက်ခန်းအား အငှားချထားခွင့် မရ၊ငါးနှစ်အတွင်း လွှဲပြောင်းရောင်းချခွင့် မရှိ ရဟူပြီး ပိတ်ပင်ထားကြောင်းသိရသည်။

တိုက်ခန်းနေခွင့် ရသူများသည် သတ်မှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်ခြင်းကိုတွေ့ရှိလျှင် တိုက်ခန်းဝယ်ယူခွင့်ကိုပယ်ဖျက်မှာ ဖြစ်သည့်အပြင် ပေးသွင်းထားသောတိုက်ခန်းတန်ဖိုး၏ ၇၅ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ်သတ်မှတ်ပြီး တိုက်ခန်းကို သက်ဆိုင်ရာမှ ပြန်သိမ်းယူမှာ ဖြစ်ကြောင်းသိရသည်။

ShweProperty

Public Housing Read 317 times