ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)ပိုင်ဖြစ်သော ကြည့်မြင်တိုင်မြို့နယ်၊ကမ်းနားလမ်း၊ သီရိမင်္ဂလာဈေးဟောင်းအဆောက်အအုံကိုအန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်လိုက်ပြီးနော် ထိုနေရာတွင်၁၅ထပ်အဆောက်အအုံ တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
စည်ပင်သာယာရေးကော်မတီနှင့်အကျိုးတူတည်ဆောက်ရန်တင်ဒါခေါ်မည်ဖြစ်ကြောင်း၊ယခုတွင် တည်ဆောက်ပြီးစီးလျှင် YCDC၏အင်ဂျင်နီယာဌာန(အဆောက်အအုံ)ရုံးခန်းအဖြစ်အသုံးပြုရန် လျာထားကြောင်းသိရသည်။
ပထမဆုံးအနေဖြင့် ဒီဇိုင်းပြိုင်ပြီးလျှင် တင်ဒါခေါ်မည်ဖြစ်ကြောင်းသိရသည်။
ယင်းဈေးကိုလွန်ခဲ့သော၁၉၉၆ခုနှစ် တွင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ခုနှစ် တွင် ဖွင့်လှစ်အသုံးပြုခဲ့သော ငါးထပ်အဆောက်အအုံဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ ဈေးများအနက်(က)အဆင့်ရှိဈေးကြီးဖြစ်ခဲ့ကြောင်းသိရသည်။
ယခင်ကဈေးအဟောင်း၏မြေညီထပ်နှင့် ပထမထပ်တို့တွင်ဆိုင်ခန်းပေါင်း၂၅ဝဝခန့်ရှိပြီး ကုန်စိမ်းများ၊သားငါး၊ ငါးပိ၊ငါးခြောက်စသည်တို့ရောင်းချခဲ့ကာဈေးတည်ရှိရာနေရာမှာ
အလျား၈၆ဝပေ၊အနံ၂၄၅ပေ (ငါးဧကခန့်) ကျယ်ဝန်းကြောင်း၊အောက်ထပ်တွင်ကုန်စိမ်းဒိုင်များ၊ပထမထပ်တွင်ငါးပိငါးခြောက်၊ကုန်ခြောက်၊အထည်ဆိုင်၊စားသောက်ဆိုင်များ၊အထက်အထပ်တွင်စားသောက်ဆိုင်၊ကုမ္ပဏီရုံးခန်းများရှိခဲ့ကြောင်းလည်းသိရသည်။
သားငါးများရောင်းချုရာတွင် ဆားငန်များပါခြင်းကြောင့်ဆားငွေ့ရိုက်ခြင်းကိုဖြစ်ပေါ်စေသည်။ဆားငွေ့နှင့် ကွန်ကရစ်မတည့်သောကြောင့် ပျက်စီးမှုဖြစ်စေသည်။
တချို့ဈေးများတွင်ရောင်းချခြင်းများရှိနေပြီး သတိထားရန်လိုအပ်ကြောင်း၊ပြန်လည်ထိန်းသိမ်းမှုများအားလုပ်ဆောင်သည့်အခါသက်ဆိုင်ရာနှင့် ဈေးသာယာရေးအဖွဲ့များညီညီညွှတ်ညွှတ်လုပ်ရန်လိုကြောင်းသိရသည်။
ပြီးခဲ့သောရက်ကလူမှုကွန်ရက်စာမျက်နှာပေါ်တွင် သီရိမင်္ဂလာဈေးဟောင်းအဆောက်အအုံ၏ပျက်စီးယိုယွင်း နေမှုများကိုဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ပြီးနောက် အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။
ထိုအဆောက်အအုံမှာ အန္တရာယ်ရှိအဆောက်အအုံအဖြစ်သတ်မှတ်ပြီးဖြစ်သောကြောင့် ဖွင့်ထားသောယာဉ်အရောင်းအဝယ်စခန်းမှ ယာဉ်များကိုမိမိတို့အစီအစဉ်ဖြင့် အမြန်ဆုံးဖယ်ရှားပေးပါရန် မေတ္တာရပ်ခံထားကြောင်းသိရသည်။
Pyi Myanmar