အစိုးရ၏လက်ကျန် ၂ နှစ်သက်တမ်းအတွင်း တံတားအစင်းပေါင်းထောင်ချီဆောက်လုပ်ရန်ရှိ


12 December, 2019


အစိုးရ၏လက်ကျန် ၂ နှစ်သက်တမ်းအတွင်း တံတားအစင်းပေါင်းထောင်ချီဆောက်လုပ်ရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းကပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တံတားပေါင်း ၆၇ စင်းဆောက်လုပ်နေသည်ဟု ဦးကျော်လင်းက ဆိုသည်။
 
‘‘ အဲဒီထဲမှာသရက်-အောင်လံလိုတံတားကြီးတွေ ပါပါတယ်။ ပုသိမ်တံတားလိုဟာမျိုးပါပါတယ်။ နောက်တစ်ခါ ဝါးခယ်မတံတားတို့၊ ရွှေလောင်းတံတားတို့၊ ပေ ၂,၀၀၀ ကျော်၊ ၃,၀၀၀ တံတားအရှည်ကြီးတွေပါပါတယ်’’ ဟု ၎င်းကပြောသည်။

 မေလ ၁၇ ရက်ကနေပြည် တော် ပြန်ကြားရေးဝန်ကြီးဌာန ၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာအတွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ၎င်းက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ထို့အပြင် ထပ်မံဆောက်လုပ်မည့် တံတားများအနက် အကြီးစားတံတားအစင်းရေ ၂၀၀ ခန့်ပါဝင်မည်ဖြစ်ပြီး တံတားအကြီး၊ အသေးအမျိုးအစားစုံ ပါဝင်မည်ဟု ၎င်းက ရှင်းပြသည်။

 ‘‘နောက်ထပ်လာမယ့် ၂ နှစ် တာကာလအတွင်းမှာ ထပ်မံတည်ဆောက်သွားမယ့်ချင်းတွင်းမြစ်ကူးတံတား၊ ပင်မတံတားလိုဟာမျိုး ရှိပါမယ်။ နောက် ရန်ကုန်မှာရှိတဲ့ ဆိပ်ကြီးခနောင်တိုနဲ့ ဒလ နဲ့ကူးမယ့်တံတားမျိုးစသည်ဖြင့် အလားတူ ဒီလိုတံတားတွေရှိတဲ့အတွက် တံတားအစင်းပေါင်း ၂၀၀ ကတံတားအကြီးတွေဖြစ်ပါတယ်။ တံတားပေါက်စလေးတွေ နဲ့ပေါင်းလိုက်ရင်တံတားအစင်းကထောင်ချီပြီးတော့ဆောက်သွားဖို့ရှိပါတယ်’’ ဟု ဒုဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။

 လက်ရှိတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဆွမ်ပရာ ဘွမ် - ပူတာအိုလမ်းပေါ်ရှိ တီယာန်ဇွပ်တံတား၊ ကယားပြည်နယ်တွင် ဒေါနိုးကူးတံတား၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ကူးတံတားများဖြစ်သည့် ခန္တီး - ဆင်သေ - လဟယ် လမ်းပေါ်ရှိ ချင်းတွင်းတံတား (ခန္တီး)နှင့် အောင်ဇေယျ - ကက်သာ - ဟုမ္မလင်းလမ်းပေါ်ရှိ ချင်းတွင်းတံတား (ဟုမ္မလင်း) အပါအဝင် ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များ၌ တည်ဆောက်ပြီးသည့် တံတားများစွာရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးတွင် သမုတ်လွတ်လွတ်တံတား၊ ပုလုံးတုံးတုံးတံတားနှင့် တနင်္သာရီတံတားများအပါအဝင် လိုအပ်သည့် နေရာများ၌ ဆက်လက်တည်ဆောက်နေပြီး ချင်းပြည်နယ်တွင် ကုလားတန် (ပလက်ဝ) တံတားကို ယခုနှစ် ဘက်ဂျက်ကာလအတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Local Read 58 times