ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ထွက်ရှိသည့် မြေကြီးနှင့် စွန့်ပစ်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများစနစ်တကျထားရှိခြင်းမရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများကိုသတိပေးထားပြီးနောက်ပိုင်းတွင် ကန်ထရိုက်တာများအားလိုင်စင် ပိတ်သိမ်းသည်အထိအရေးယူမည်ဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။
သတိပေးထားသည့် ကုမ္ပဏီအရေအတွက်ကိုထုတ်ဖော်ပြော ကြားခြင်းမရှိသော်လည်းစည်းကမ်းဖောက်ဖျက်သည့် ကုမ္ပဏီများပြားလာသောကြောင့် ယခုကဲ့သို့ အရေးယူရန် ပြင်ဆင်ခြင်းဖြစ်ကြောင်းသိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် စွန့်ပစ်ပစ္စည်းများစည်းကမ်းမဲ့ထားရှိပါကလိုင်စင်ကန်ထရိုက်တာနှင့် လိုင်စင် အင်ဂျင်နီယာကို ပြစ်မှုအပေါ်မူတည်၍ လိုင်စင်တစ်လ (သို့မဟုတ်) ခြောက်လအထိပိတ်သိမ်းမည်ဖြစ်သည်ဟုသတိပေးချက် ထုတ်ပြန်သည်။ ထို့အပြင် အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းကိုလည်းလိုင်စင်တစ်လပိတ်သိမ်းမည်ဖြစ်ကာသတ်မှတ်ထားသည့် ဒဏ်ကြေးပေးဆောင်ရမည်ဟုသတ်မှတ်ထားသည်။
လတ်တလောတွင် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို၌ မြေကြီးနှင့် စွန့်ပစ်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်ကားများတွင် လိုအပ်သောအဖုံးအကာများမတပ်ဆင်ခြင်း၊သတ်မှတ်ထားသည့် နေရာတွင် မစွန့်ပစ်ဘဲစည်းကမ်းမဲ့ စွန့်ပစ်ခြင်း၊ မြေသယ်ယာဉ်ဘီးများအားလုံးလုပ်ငန်းခွင်အထွက်တွင် ရေဆေးရန် ပျက်ကွက်ခြင်းတို့ တွေ့ရှိနေရသဖြင့် ယခုကဲ့သို့ သတိပေးလုပ်ဆောင်ရခြင်းဖြစ် ကြောင်းအင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
‘‘ပြစ်ဒဏ်ကတော့ နည်းနည်း ပြင်းလွန်းတယ်။ ဒါပေမဲ့ လုပ်သင့်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတချို့က တော်တော်လေးစည်းကမ်းပျက်နေကြတယ်’’ဟု မြမြင့်မိုရ်ဆောက်လုပ်ရေးကုမ္ပဏီမန်နေဂျင်းဒါရိုက်တာဦးမြင့်မိုရ် က ဆိုသည်။
အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းအများစုတွင် စွန့်ပစ် ပစ္စည်းများပြဿနာအပြင် ဘေးအိမ်သို့ လုပ်ငန်းခွင်မှ ပစ္စည်းများ ပြုတ်ကျခြင်း၊ အသက်အန္တရာယ် ဖြစ်စေနိုင်သည့် အခြေအနေမျိုးရပ်ကွက်အတွင်းတည်ဆောက် သည့် ကန်ထရိုက်တာငယ်များတွင်ဖြစ်လေ့ဖြစ်ထရှိကြောင်း ၎င်းက ပြောသည်။
နာမည်ရကုမ္ပဏီကြီးအများစုကမူလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို ၎င်းတို့ကုမ္ပဏီ၏ အမည်သိက္ခာထိခိုက်မည်စိုးသဖြင့် အထူးဂရုပြုပြီးစွန့်ပစ်ပစ္စည်းများစွန့်ပစ်ခြင်း၊ မြေသယ်ခြင်းများတွင် ငွေကြေးအကုန်ကျခံကာပိုမိုလုပ်ဆောင်ခြင်းများရှိလာကြောင်းပြောသည်။