မြို့အဝင်တိုးဂိတ် ၁၁ ခု ဆောက်လုပ်မှုတွင် ၃ ခု ဆောက်လုပ်ပြီးစီး


05 December, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်လိုင်စင်ကားများ ဖြတ်သန်းသွားလာမှုများကို အခွန်ကောက်ခံမည်ဟူသောမြို့အဝင် တိုးဂိတ် ၁၁ ခု ဆောက်လုပ်မှုတွင် ၄ ခုသာ BOT တင်ဒါအောင်မြင်ခဲ့ပြီး တိုးဂိတ် ၃ ခုသာ ဆောက်လုပ်မှုရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာအဖွဲ့ရုံး၊ အင်ဂျင်နီယာဌာန(လမ်းတံတား)မှ စက်တင်ဘာလ ၁ဝ ရက်တွင် သိရသည်။

            ရန်ကုန်တိုင်းဒေသကြီး အစိုးရ ၊တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာန တင်ဒါကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ၂ဝ၁၇-၂ဝ၁၈ခုနှစ်ဘဏ္ဏာရေး ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မြို့ဝင် Toll Gate များမှာ လှည်းကူး၊မှော်ဘီ၊တိုက်ကြီး၊သန်လျင်၊ကျောက်တန်း၊ခရမ်း၊သုံးခွ၊တွံတေး၊ ကွမ်းခြံကုန်း၊ကော့မှူးနှင့်ထန်းတပင်မြို့နယ်တို့တွင် တိုးဂိတ် ၁၁ ခုဆောက်လုပ်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖေဖော်ဝါရီ၂ရက်က အိတ်ဖွင့်တင်ဒါလျှောက်လွှာစတင်ခါ်ယူခဲ့ပြီး လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီမှ စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

" ပထမအကြိမ်တင်ဒါခေါ်တာ BOT ၄ ဦး အောင်တယ်။ဒုတိယအကြိမ်တင်ဒါခေါ်တာ တင်ဒါဆွဲမယ့်သူမရှိလို့ တင်ဒါဖောင်ပိတ်လိုက်တယ်။အခုလက်ရှိ ဆောက်နေပါပြီ။ တိုးဂိတ်ဆောက်တာ အခု ၃ ခုဆောက်နေပါပြီ။ကျန်တာတွေကတော့ ဆောက်ဖို့ လုပ်နေတုန်းပါ"

ဟု ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ အင်ဂျင်နီယာဌာန(လမ်းတံတား)မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၁၀ ရက်တွင် မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။

            ယခုလက်ရှိတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ မြို့ဝင်ကြေးများကို လေလံဆွဲကာ ကောက်ခံလျက်ရှိပြီး ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် ပြင်ပရှိ မြို့နယ်များတွင် အဆင့်မြင့်မြို့ဝင်ဂိတ်များ ဆောက်လုပ်ပြီးပါက ယင်းဂိတ်က ဖြတ်သန်းလာသည့် မော်တော်ယာဉ်များကိုလုံခြုံရေးအရ ပိုမိုစစ်ဆေးခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Region Read 103 times