ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်း (YEX) Phase-I အတွက် ဆန်ခါတင်အရည်အသွေး ပြည့်မီသည့် ကုမ္ပဏီ ၁၀ ခုအား ဆောက်လုပ်ရေးဝန်ကြီးဌာနကဒီဇင်ဘာ ၅ ရက်တွင် ကြေညာခဲ့ရာတွင် နိုင်ငံငါးခု မှ ကုမ္ပဏီများ ပါဝင်ခဲ့ပြီး ၊ ယင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည့် မြန်မာကုမ္ပဏီ ၂ ခုပါဝင်ခဲ့တယ်။
ရန်ကုန်မြို့၏ ဆိုးရွားလှသည့် ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ကျစေရန် နှင့် နိုင်ငံ၏ စီးပွားရေး လူမှုရေး လုပ်ငန်းများအတွက် ဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် အတွက် ရန်ကုန်မိုးပျံ အမြန်လမ်း စီမံကိန်းကို နိုင်ငံတော်က အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်းပြီး Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phase 1 အတွက် စိတ်ဝင်စားသော ရင်းနှီးမြှုပ်နှံသူများထံမှ ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ (၁၂)စောင် လက်ခံရရှိခဲ့ပါတယ်။
ပြင်သစ် ၊ ကိုရီးယား ၊ တရုတ် ၊ ဂျပန် နှင့် ထိုင်းနိုင်ငံတို့မှ ကုမ္မဏီ ၁၀ ခုအား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၊ အမှတ်စဉ် ၅ ရှိ ထိုင်း၊ ဂျပန် ၊ မြန်မာ ကုမ္ပဏီ အစုအဖွဲ့တွင် မြန်မာနိုင်ငံမှ ရွှေတောင် အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ၊ ရွှေတောင် အဝေးပြေး ကုမ္ပဏီတို့ပါဝင်ခဲ့ကြပါတယ်။အမှတ်စဉ် နံပါတ် ၉ တွင် တရုတ်မြန်မာ လုပ်ငန်းရှင်များ ပူးပေါင်း ဖွဲ့စည်းထားသည့် Denso - CSCEC Consortium ( CSCEC ( Myanmar ) Co., Ltd ) တို့ပါဝင်လာခဲ့သည်။ ဆန်ခါတင်အရည်အသွေး ပြည့်မီသူများအနေဖြင့် စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များနှင့် မှတ်တမ်းများကို ရယူနိုင်မှာဖြစ်ပြီး တင်ဒါအနိုင်ရရှိရန် ဆက်လက်ပါဝင်နိုင်မည် ဖြစ်သည်။
၂၇ ကီလိုမီတာ ရှည်လျားသည့် ရန်ကုန်မိုးပျံ အမြန်လမ်း အပိုင်း ( ၁ ) အတွက် နိုင်ငံတော်မှ တင်ဒါခေါ်ယူနေခြင်းဖြစ်သည်။တင်ဒါအနိုင်ရရှိရန် နောက်တစ်ဆင့် အဖြစ် ကြိုတင်အရည်အသွေး ပြည့်မီသူများအား အဆိုပြုလျှောက်လွှာ (Request for Proposal) တင်သွင်းရန်ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ် (Concession Agreement) အား ထုတ်ပြန်ပေးသွားမည် ဖြစ်ပါတယ်။
ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ မင်္ဂလာဒုံစက်မှုဇုန် နှင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးကို ပိုမိုလွယ်ကူစွာ သွားလာနိုင်ရန်အတွက် စုစုပေါင်း လမ်းအရှည် ၄၇ ဒသမ ၅ ကီလိုမီတာ ရှိသည့် ရန်ကုန်မိုးပျံအမြန်လမ်းမကြီးကို အကျိုးတူ ပူးပေါင်းသည့် စနစ်ဖြင့် တည်ဆောက်သွားရန်ရည်ရွယ်ထားပြီး အပိုင်းလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်လည်းဖြစ်ပါတယ်။