ရုပ်ရှင်တွေထဲကလို ရေအောက်ကမ္ဘာမှာ ငါးတွေနဲ့အတူတူ အိပ်နိုင်မယ့် အခွင့်အရေးကို မော်လ်ဒိုက်ဗ်မှာ ရရှိနေပြီ ဖြစ်ပါတယ်။ အခုအခါမှာတော့ Conrad Maldives Rangali ကျွန်းဟာ ကမ္ဘာ့ပထမဆုံး ရေအောက်ဟိုတယ်ကြီးကို ဖွင့်လှစ်လိုက်ပါပြီ။ ဟိုတယ်ကြီးဟာ နှစ်ထပ်အဆောက်အဦးကြီးဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာရေအောက် အနက်(၁၆) ပေကျော်မှာ ရှိပါတယ်။ ဟိုတယ်နာမည်ဟာ မူရာကာဖြစ်ပြီး ဒေသသုံးစကားနဲ့ဆို သန္တာလို့ အမည်ရပါတယ်။
မူရာကာဟိုတယ်မှာ သီးသန့်အားကစားရုံ၊ ဘား၊ ရေကူးကန်တို့ ပါဝင်ပါတယ်။ ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ ဇိမ်ခံ ရေချိုးခန်းကြီးနဲ့ ပင်လယ်ရဲ့ အလှကို ကြည့်ပြီး အနားယူအိပ်စက်နိုင်တဲ့ ရေအောက် အိပ်ခန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်မှာတော့ အပန်းဖြေအနားယူရာ ကုန်းပတ်ရှိပါတယ်။ အဲဒီအထပ်ကတော့ ရေမျက်နှာပြင်ပေါ်မှာ ရှိပြီး ဧည့်သည်တွေက နေပူဆာလှုံနိုင်မှာ ဖြစ်ပါတယ်။
ဟိုတယ်မှာ တည်းခိုစရိတ်ကတော့ တစ်ညကို ဒေါ်လာ(၅၀,၀၀၀) ဖြစ်ပြီး တည်းခိုသူတွေဟာ သီးသန့်စားဖိုမှုးတစ်ဦးနဲ့ လှေတစ်စင်းကို စိတ်ကြိုက်အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ မူရာကာဟိုတယ်ဟာ ရေအောက် ကြယ်ငါးပွင့်စားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ Ithaa အပြင် ကျွန်းရဲ့ အခြားအပန်းဖြေစခန်းတွေနဲ့လည်း ဆက်စပ်ထားပါတယ်။ မူရာကာဟိုတယ်ကို သဘာဝပတ်ဝန်းကျင်လည်း မထိခိုက်ရအောင် ထိန်းသိမ်းစီမံထားတယ်လို့ သိရပါတယ်။
ဟိုတယ်မှာ အသုံးပြုတဲ့ ပစ္စည်းတွေအားလုံးကို စင်္ကာပူနိုင်ငံမှာ တပ်ဆင်တည်ဆောက်ပြီးမှ မော်လ်ဒိုက်ဗ်ဆီ အထူးသင်္ဘောနဲ့ တင်ဆောင်လာတာ ဖြစ်ပါတယ်။ အဆောက်အဦး ပစ္စည်းတွေကို ရေထဲမှာ နေရာချပါတယ်။ ဒီရေကြမ်းလို့ အဆောက်အဦးယိမ်းယိုင်တာမျိုး မဖြစ်ရလေအောင် ကွန်ကရစ်တာဝါတိုင်တွေနဲ့ စနစ်တကျ အသေတပ်ဆင်ထားတာ ဖြစ်ပါတယ်။The Conrad ကျွန်းမှာတော့ အခြားရေပေါ် အပန်းဖြေစခန်းတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် မူရာကာကတော့ ထူးထူးခြားခြားပဲ မော်ဒိုက်ဗ်ရဲ့ သီးသန့် ရေအောက်ဟိုတယ်တစ်ခုဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်။