ငွေကျပ်သိန်းပေါင်း ၆၇၀၀ ကျော်ခန့်ဖြင့် ရန်ကုန်တက္ကသိုလ် တက္ကသိုလ်များဓမ္မာရုံကြီးပြန်လည်ပြုပြင်မည်


23 September, 2019

၁၉၂၀ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့သော ရန်ကုန်တက္ကသိုလ်မှာ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အနှစ် ၁၀၀ တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။

တက္ကသိုလ်များဓမ္မာရုံကြီးကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ပြန်လည်မွမ်းမံ ပြုပြင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် မေလခန့်တွင် ပြီးစီးရန် ခန့်မှန်း ထားကြောင်း သိရသည်။ တက္ကသိုလ်များ ဓမ္မာရုံကြီး ပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ်သိန်းပေါင်း ၆၇၀၀ ကျော်ခန့် ကုန်ကျ မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် တက္ကသိုလ်များ ဓမ္မာရုံကြီးကို အကြီးစားမွမ်းမံပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ လဆန်းပိုင်းခန့်တွင် ပြုပြင်မွမ်းမံမှုလုပ်ငန်းများ၏ ၁၆ ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု သိရသည်။ တက္ကသိုလ်များ ဓမ္မာ ရုံကြီးကို ပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်ရန်နှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန(ရန်ကုန်)မှ ဆောက်လုပ်ရေး ဝန်ကြီးဌာနထံလုပ်ငန်းအပ်နှံဆောင်ရွက် နေခြင်းဖြစ်သည်။

ဓမ္မာရုံကြီးမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသော အဆောက်အဦး အထူးအဖွဲ့(၁) ဦးစီးအရာရှိ (မြို့ပြ) အင်ဂျင် နီယာ ဦးသန်းဌေးက လက်ရှိမွမ်းမံပြင်ဆင်မှု ပြီးစီးသောအပိုင်းများနှင့် ပတ်သက်၍ “ကျွန်တော်တို့ ပထမဆုံးဦးစားပေးလုပ်ရမယ့် အလုပ်ဖြစ်တဲ့ ကြမ်းခင်းပိုင်းပြီးပါပြီ။ ပလာ စတာခွာခြင်းလုပ်ငန်းလည်း ပြီးခါနီးပါပြီ။ ဘုံ ငါးဆင့်လုပ်ငန်းကို လုပ်ဆောင်နေပါပြီ။ လုပ်ငန်းတစ်ခုလုံးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁၆ ရာခိုင်နှုန်းလောက် ပြီးသွားပါပြီ။ ကျွန်တော် တို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး ကြီးကြပ် နေတဲ့အတွက် မူလအဆောက်အဦက ခိုင်ခိုင် မာမာ၊ ကောင်းကောင်းမွန်မွန်နဲ့ သပ်သပ် ရပ်ရပ်ဖြစ်ရေးအတွက်ကို ရည်မှန်းပြီး လုပ်နေ ပါတယ်” ဟု ရှင်းပြသည်။

မွမ်းမံပြင်ဆင်ရာတွင် အပိုင်း ၁၄ ပိုင်း ခွဲခြားကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး မူလဟောင်းနွမ်းဆွေးမြည့်နေသော ကြမ်းခင်း များနေရာတွင် RCC ကွန်ကရစ်ကြမ်းခင်း လောင်းကာ ပါကေးခင်းခြင်းလုပ်ငန်း၊ အမိုး ပိုင်းပြုပြင်ခြင်းလုပ်ငန်းများ အနေဖြင့် ဘုံ ငါးဆင့်နှင့် ဘုံခုနစ်ဆင့်နေရာများတွင် သစ်သားများအစား စတီးများဖြင့် အစားထိုး၍ ကြံ့ခိုင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြန်မာမှုလက်ရာနေရာများတွင် Gold Steel ဖြင့် နဂိုရှိပြီးလက်ရာအတိုင်း ပြန်လည် ထုလုပ်တပ်ဆင်ခြင်း၊ ဟောင်းနွမ်းနေသော မျက်နှာကြက်များနေရာတွင် အမျိုးအစား ကောင်းသော မျက်နှာကြက်များဖြင့် ပြန်လည် အစားထိုးခြင်းလုပ်ငန်း၊

အက်ကွဲနေသော နံရံများအား ပလာစတာအသစ်ပြန်လည် ပြုပြင်ခြင်း၊ ဟောင်းနွမ်းနေသော ကြမ်းခင်း ကြွေပြားများနေရာတွင် ဂရက်နိုက် ကျောက်ပြားများဖြင့် အစားထိုးခင်းခြင်း၊ မိုးမလုံသောအမိုးများအား ပြုပြင်ခြင်း၊ ဓမ္မာရုံပတ်လမ်းများအား AC နိုင်လွန်ကတ္တရာ ခင်းခြင်း၊အဝင်လမ်း ဘယ်ညာနှစ်ဖက်ကို မြေယာအလှ ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြံစည်းရိုး အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ၊ ခေတ်နှင့်လျော်ညီသော လျှပ်စစ်ပိုင်းဆိုင်ရာများ အစားထိုးလဲလှယ် ခြင်း၊ရေသန့်သိုလှောင်ထားရှိသုံးစွဲရန် ကန်၊ တိုင်ကီများ ဖြည့်တင်းခြင်းလုပ်ငန်းများ ပါဝင် ကြောင်း သိရသည်။

တက္ကသိုလ်များဓမ္မာရုံကြီး၏ မြန်မာမှုပိုင်း ကို တာဝန်ယူပြင်ဆင်လျက်ရှိသော မြန်မာမှု ပညာရှင်တစ်ဦးဖြစ်သူ ပဲခူးဦးမောင်ကိုက “အခုစလုပ်တာတော့ ငါးဘုံဆင့် ပြာသာဒ် ပေါ့။ ဒီပြာသာဒ်ကို ဖြုတ်လိုက်တဲ့နေရာမှာ နဂို မူလရှိတဲ့ ပန်းတွေက သွပ်နဲ့လုပ်ထားတာတွေ ပါ။ အခုကတော့ သွပ်အစား ရွှေရောင်စတီးနဲ့ ပြန်လုပ်မှာပါ။ နောက်တစ်ခု ပြာသာဒ်ဘုံအဆင့် ကြီး ရေရှည်ခိုင်ခံ့ရေးအတွက် နောက်ထပ် အမာခံတွေ ပြန်လုပ်မှာပါ။

ပန်းတွေမှာလည်း အရင်က သုံးထားတဲ့ သံထက်ပိုထူတဲ့ သံကို ပြန်သုံးမှာပါ။ ခိုင်ခံ့တာထက်ပိုပြီး ခိုင်ခံ့အောင် ပါ။ ဒါတွေပြီးသွားရင်တော့ ဘုရားဆောင် ဘက်က ခုနစ်ဘုံဆင့်ပြာသာဒ်ကို ဆက်ပြီး ပြုပြင်မှာပါ၊ ပြီးမှ အလယ်ကောင်ရိုးမှာရှိတဲ့ စပါးထပ်နဲ့ ပန်းတွေကို ဆက်ပြီးပြုပြင်မှာပါ။ အဲဒါပြီးရင် အတွင်းထဲက မျက်နှာကြက်ပိုင်း ပေါ့။ အထဲမှာကတော့ သစ်သားနဲ့လုပ်ထားတဲ့ အရင်မျက်နှာကြက်တွေပေါ့။ အဲဒီမှာ ကြာပွင့် ပုံစံမျက်နှာကြက်တွေတပ်ဖို့ လုပ်သွားမှာပါ။ ဒါတွေက မြန်မာမှုပိုင်းနဲ့ ပတ်သက်တာတွေ ပါ”ဟု ပြောကြားခဲ့သည်။

ယခင်က အဝင်မျက်နှာစာတွင်သာ ဆင်ဝင်မုခ်ဦးတစ်ခု ရှိခဲ့သော်လည်း ယခု ပြန်လည်မွမ်းမံချိန်တွင် ဓမ္မာရုံကြီး၏ ဘေးတစ်ဖက်တစ်ချက်စီ၌ ဆင်ဝင်မုခ်ဦး နှစ်ခုကို အသစ်ထည့်သွင်းတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန် တက္ကသိုလ်၏ တက္ကသိုလ်များဓမ္မာရုံကြီးကို မွမ်းမံပြင်ဆင်လျက်ရှိရာ တက္ကသိုလ်များ ဓမ္မာရုံကြီး အသွင်သစ် အဆင်သစ်တို့ဖြင့် မြင်တွေ့ခွင့် ရရှိကြတော့မည်ဖြစ်သည်။

Source: Myanmaalinn

Local Read 126 times