မြို့သစ်တိုးချဲ့ခြင်းကြောင့် အရည်အသွေးမြင့်အခြေခံအဆောက်အအုံများနှင့် အစားထိုးဖြည့်ဆည်းရန် ခက်ခဲမည်


07 December, 2020

   အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှု လုပ်ငန်းများ မစတင်မီ မြို့ကြီးများ၏ အစွန်အဖျားတွင် မြို့သစ်တိုးချဲ့ခြင်းကြောင့် မြို့ပြ ဧရိယာအတွင်း ဆက်သွယ်သွားလာမှု အခက်အခဲကြုံတွေ့ရပြီး နောင်အနာဂတ်တွင် အရည်အသွေးမြင့်သော အခြေခံအဆောက်အအုံများနှင့် အစားထိုးဖြည့်ဆည်းပေးမည် ဆိုပါက ပြုပြင်ပြောင်းလဲပေးရန် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် UN-Habitat တို့ ပူးပေါင်းရေးဆွဲထားသည့် အမျိုးသားမြို့ပြမူဝါဒ မူဘောင်တွင် ဖော်ပြထားသည်။

          ထို့ပြင် မြို့ပြ၏ အဓိကလမ်းမကြီးများတွင် နေ့စဉ်နှင့်အမျှ ယာဉ်ကြောဆိုးရွားစွာ ပိတ်ဆို့နေခြင်းသည် စီးပွားရေး ကုန်ကျစရိတ်ကို မြင့်တက်စေပြီး အနာဂတ်တွင် မြေအောက်လိုဏ်ခေါင်း (သို့မဟုတ်) မြေအောက်ရထားစနစ်များ တည်ဆောက်၍ ဖြေရှင်းမည် ဆိုပါကလည်း ကုန်ကျစရိတ် အလွန်မြင့်မားစေကြောင်း ထောက်ပြထားသည်။

          စီးပွားရေးလုပ်ငန်းခွင်နှင့် အိမ်ရာနေရာချထားမှု အစီအစဉ်များ အဆုံးအဖြတ်ပြုရာတွင် ပေါင်းစပ်ညှိနှိုင်းမှု မရှိခြင်း၏ အကျိုးဆက်အဖြစ် အများပြည်သူသုံး အခြေခံ အဆောက်အအုံစနစ်တွင် အကျပ်အတည်းများနှင့် ကြုံတွေ့ရခြင်း၊ လမ်းကွန်ရက်များတွင် ယာဉ်လမ်းကြောင်း ပိတ်ဆို့ခြင်း၊ သောက်သုံးရေနှင့် စွမ်းအင်ရှားပါးမှုများ ရှိနေခြင်း၊ ညစ်ညမ်းမှုများကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အန္တရာယ် မြင့်မားလာခြင်း စသည်တို့ ဖြစ်ပေါ်နိုင်ပြီး မြို့ပြဖွဲ့စည်း တည်ဆောက်မှု ပုံစံများကို ရေရှည်တွင် ဆိုးရွားစွာ အကျိုးဆက်များစွာ သက်ရောက်စေ နိုင်ကြောင်းလည်း ဖော်ပြထားသည်။

          သို့သော် မြို့ပြအသွင်ကူးပြောင်းခြင်းဖြစ်စဉ် စီးပွားရေးအကျိုးကျေးဇူးများမှာ အလိုအလျောက် ရုပ်လုံးပေါ်လာမည် မဟုတ်ကြောင်းနှင့် ရှုထောင့်စုံ၊ ဘက်စုံမှ စဉ်းစား၍ ဖြည့်ဆည်းပံ့ပိုးပေးထားသော ပတ်ဝန်းကျင်ကောင်းတစ်ခု မဖြစ်မနေ လိုအပ်ကြောင်း၊ ဥပဒေကျောထောက် နောက်ခံပြုထားသော နယ်မြေဒေသဖွံ့ဖြိုးမှု စီမံကိန်းပုံစံများ၊ ဇုန်ပိုင်းခြားသတ်မှတ်မှု အစီအစဉ်များကို ကြိုတင်ပြဋ္ဌာန်း ားခြင်းဖြင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများအတွက် ကြိုတင်ခန့်မှန်းနိုင်သော ပတ်ဝန်းကျင်မျိုး ဖန်တီးပေးရမည် ဖြစ်ကြောင်း၊ သို့မှသာ ပတ်ဝန်းကျင်ဆိုးကျိုး သက်ရောက်မှု ရှိစေသော၊ လူမှုစီးပွား ကုန်ကျစရိတ် မြင့်မားစေသော အစီအစဉ်မကျသည့် မြို့ပြဖွံ့ဖြိုးမှုများကို ကြိုတင်တားဆီး ကာကွယ်နိုင်မည်ဟုလည်း ဖော်ပြထားသည်။

          မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းသည့် စိန်ခေါ်မှုအသစ်များ အနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် လူတစ်ဦး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် ခုနစ်ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းခန့်အထိ မြင့်တက်လျက်ရှိသည်။ ထို့ကြောင့် မြို့ပြအသွင်ကူးပြောင်းမှုဖြစ်စဉ် အရှိန်အဟုန်မှာ ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းထားသည်။

          မြန်မာနိုင်ငံအတွင်း လူဦးရေ ဖြန့်ကြက်နေထိုင်မှု၊ တိုးပွားမှု အခြေအနေများကို လေ့လာကြည့်ခြင်းအားဖြင့် မြို့ပြအသွင်ကူးပြောင်းမှု ဖြစ်စဉ်သည် ခြေကုပ်မိလာမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

          လတ်တလော ရွှေ့ပြောင်းနေထိုင်မှုများသည် စီးပွားရေး အခွင့်အလမ်း အများဆုံး ရရှိနိုင်သော မြို့ကြီးများသို့ အဓိကဦးတည်နေပြီး ရွှေ့ပြောင်းနေထိုင်မှု ပိုမိုများပြားလာသဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေသည် စုစုပေါင်းလူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။               

           မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၁၅ ဒသမ ၂ သန်းရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၂၀ ဒသမ ၄ သန်းခန့်ဖြစ်နိုင်ပြီး လူဦးရေ စုစုပေါင်း၏၃၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

         အဆိုပါ မြို့ပြနေထိုင်သူ ၂၀ ဒသမ ၄ သန်းအနက်  ၉ ဒသမ၂ သန်းခန့်မှာ လူဦးရေ တစ်သန်းအထက်ရှိသော မြို့ကြီးများတွင် နေထိုင်ကြမည်ဖြစ်ပြီး ၁ ဒသမ ၉ သန်းခန့်မှာမူ လူဦးရေ သုံးသိန်းမှ တစ်သန်းအတွင်းရှိသော အလယ်အလတ်မြို့များတွင် အခြေချ နေထိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ လူဦးရေ သုံးသိန်းအောက် မြို့ငယ်များတွင်မူ ၉ ဒသမ ၃ သန်းခန့် အခြေချ နေထိုင်ကြလိမ့်မည်ဟု ယူဆကြောင်းလည်း ဖော်ပြထားသည်။  

Tips Read 137 times