ရန်ကုန်မြို့ပတ်ရထားဘူတာ ၈ခုအား အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆင့်မြှင့်တင်မှု ဆောင်ရွက်နေသည့် မြို့ပတ်ရထားဘူတာများမှာ တညင်းကုန်း၊အောင်ဆန်း၊ရွာမ၊အင်းစိန်၊ကြို့ကုန်း၊သမိုင်း၊အုတ်ကျင်း၊သီရိမြိုင်ဘူတာတို့ဖြစ်ကြောင်းမြန်မာ့မီးရထားတိုင်း အမှတ်(၇)သွားလာရေးဌာန
မန်နေဂျာမှ ပြောကြားကြောင်းသိရသည်။
၎င်းလုပ်ငန်းများအား တင်ဒါရရှိခဲ့သည့် A-1 ကုမ္ပဏီမှ မီးရထားဘတ်ဂျက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းဘူတာ ရုံများ ပြုပြင်တည်ဆောက်ခြင်း၊ရေမြောင်းတူးဖော်ခြင်း၊ပလက်ဖောင်းမြှင့်တင်ခြင်းတို့ပါဝင်ကြောင်းသိရသည်။
ယခုပြင်ဆင်နေသည့်အရာများပြီးသွားလျှင် ဘူတာများ အားလုံးသည် တပြေးညီ ဖြစ်သွားမည်။ရထားကြမ်းပြင်နှင့် ပလက်ဖောင်းတပြေးတည်းဖြစ်သွားမည်။အတက်အဆင်း သိပ်မမြင့်တော့ဘူးဟု သိရသည်။
ရန်ကုန်မြို့ပတ်လမ်းပိုင်းတလျှောက်တွင်မြို့ပတ်ဘူတာ ၃၈ဘူတာ ရှိနေပြီး လမ်းမတော်၊ပြည်လမ်း၊ရှမ်းလမ်း၊အလုံလမ်း၊ပန်းလှိုင်လမ်း၊ဟံသာဝတီစသည့် မြို့ပတ်ရထားဘူတာရုံ ၆ခု အား အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။
ထို့အပြင် ရန်ကုန်မြို့ပတ် အရှေ့ဘက်ခြမ်းလမ်းပိုင်းတွင် အဆင့်မြှင့်တင်ရေးလုပ်ငန်းလုပ်ပိုင်ခွင့် ရရှိခဲ့သည့် Shwe Taung ကုမ္ပဏီကိုလည်း ယင်းအရှေ့ဘက်ခြမ်းပိုင်းရှိ မြို့ပတ်ဘူတာများအနက်မှ ဘူတာအချို့ကို
အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ဆွေးနွေးညှိနှိုင်းထားကြောင်းသိရသည်။
လမ်းအဆင့်မြှင့်မည်ဆိုလျှင် လမ်းပိတ်ထားရမည်။ထို့ကြောင့် လမ်းမပိတ်ပဲ ဘူတာ အဆင့်မြှင့်တင်ရေးလုပ်၍ ရသည်ကို စဖို့ပြောထားသည်။လမ်းကို တော့ ပြင်၍ မရသေး။ယခု တွင် မင်္ဂလာဒုံဘက်မှာ ရုံးခန်းများ ဆောက်နေပြီ ဟု သိရသည်။