ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော် မြို့နယ်ရှိ အထင်ကရ အမွေအနှစ် အဆောက်အအုံ တစ်ခုဖြစ်သည့် ဗဟိုအမျိုးသမီး ဆေးရုံကြီး၌ မတ် ၂၈ ရက်က အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခဲ့ကြောင်း ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၏ ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာခင်ပြုံးကြည်၏
ပြောကြားချက်အရ သိရသည်။
'ရန်ကုန်မြို့ရဲ့နှစ်ပေါင်း ၁၂၂ နှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ ဗဟိုအမျိုးသမီး ဆေးရုံကြီးဆောင်မှာ အခုလိုအပြာရောင် ကမ္ပည်းပြား တပ်ဆင်ခွင့်ရလို့ ဝမ်းသာဂုဏ်ယူ မိပါတယ်။
ဒီဆေးရုံကို အမျိုးသမီးတွေအတွက် အားထားရတဲ့ အမျိုးသမီးဆေးရုံကြီး အဖြစ် အဓွန့်ရှည်စွာ ရပ်တည်နိုင်အောင် ဝန်ထမ်းအားလုံး လက်တွဲညီညီ ကြိုးစားကြရင်း အမျိုးသမီးထုရဲ့ကျန်းမာရေး အဆင့်အတန်းအစဉ် မြင့်မားစေဖို့ လုပ်ဆောင်မှာပါ'' ဟု ပါမောက္ခဒေါက်တာခင်ပြုံးကြည်က ပြောသည်။
ဗဟိုအမျိုးသမီး ဆေးရုံကြီးသည် မကြာမီ ၁၂၂ နှစ်ပြည့်မည် ဖြစ်ပြီး ယခုအခါ ခုတင် ၈ဝဝ ဆံ့ဆေးရုံကြီး အဖြစ် တည်ရှိကာ အမျိုးသမီးများ ကျန်းမာရေး၌ အရေးပါသောနေရာ ကဏ္ဍတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
=အပြာရောင် ကမ္ပည်းပြားကို ရန်ကုန်မြို့ရှိ အမွေအနှစ်ဆိုင်ရာ အဆောက်အအုံများနှင့် နေရာများ၌ ယင်းအဆောက် အအုံများနှင့် ဆက်စပ်နေသည့် သမိုင်းကြောင်းများကို ဖော်ပြပြီး မြို့ပြ အမှတ်အသား တစ်ခုအဖြစ် အထိမ်းအမှတ်အဖြစ် တပ်ဆင်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အပြာရောင်ကမ္ပည်း တပ်ဆင်ရေး လုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကူညီမှု၊ အလှူရှင်များ၏ ငွေကြေးထည့်ဝင် ကူညီမှုတို့နှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုဗဟို အမျိုးသမီးဆေးရုံကြီး၌ တပ်ဆင်သော အပြာရောင် ကမ္ပည်းပြားအတွက် ကုန်ကျစရိတ်များကို Myanmar Marketing Research and Development Ltd. က အကုန်အကျခံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။