ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် Urban Master Plan နှင့် စီမံကိန်းဒီဇိုင်းရေးဆွဲရန် စင်ကာပူကုမ္ပဏီ AECOM Singapore ကို ရွေးချယ်လိုက်ကြောင်း ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ထံမှ သိရသည်။
Master Plan ရေးဆွဲခြင်းနှင့် ဒီဇိုင်းရေးဆွဲရန်အတွက် စိတ်ဝင်စားမှုလျှောက်လွှာ (EOI) တင်ခဲ့သော ပြည်တွင်းပြည်ပကုမ္ပဏီ ၁၄ ခုထဲမှ ကုမ္ပဏီများ၏ အရည်အချင်းနှင့် အတွေ့အကြုံကိုစိစစ်ပြီး စင်ကာပူကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
အဆိုပါ Urban Master Plan နှင့် ဒီဇိုင်းရေးဆွဲမှုများကို ပြုလုပ်ရာတွင် မြန်မာနိုင်ငံ ဗိသုကာအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ ဗိသုကာကောင်စီ အစရှိသော ပညာရှင်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲပြုလုပ်ပြီး ယင်းအဖွဲ့အစည်းများ၏ ထင်မြင်သုံးသပ်ချက်များကို Master Plan ရေးဆွဲရာတွင် ထည့်သွင်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ထံမှ သိရသည်။ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် Urban Master Plan နှင့် ဒီဇိုင်းရေးဆွဲခြင်းများကို ယခုလအတွင်း စတင်ဆောင်ရွက်မည်ဖြစ်ပြီး လာမည့် ၂ လအတွင်း၌ ပထမအဆင့်ထွက်လာရန် မျှော်လင့်ထားကြောင်း NYDC ထံမှ သိရသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့်အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းအကောင်အထည်ဖော်ရန်အတွက်လည်း တရုတ်ကုမ္ပဏီ China Communications Construction Company (CCCC) ကို NYDC ကုမ္ပဏီက ရွေးချယ်ထားသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့် တည်ဆောက်ရေးတွင် ကျေးရွာငါးရွာ၊ တံတားနှစ်စင်း၊ ၁၆ မိုင်ကျော်အရှည်ရှိ ပင်မလမ်းကြောင်းများ၊ ၁ဝ စတုရန်းကီလိုမီတာ (ဧက ၂၅၀၀ ခန့်) ရှိ စက်မှုဇုန်၊ ဓာတ်အားပေးစက်ရုံ၊ ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးအဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း NYDC ကုမ္ပဏီထံမှ သိရသည်။