စစ်ကိုင်းမြို့ကားကြီးဝင်းနေရာတွင် အဆင့်မြင့်ဈေးဝယ်စင်တာများအပါအဝင် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း တစ်ခုဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်းသိရသည်။
စစ်ကိုင်းမြို့ စိန်ကုန်းရပ်ကွက်ရှိ ကားကြီးဝင်းသည် ကားအဝင်အထွက်နည်းပါးသဖြင့် အသက်ဝင်မှု မရှိတော့ကြောင်း၊ လက်ရှိကားကြီးဝင်းမြေနေရာသည် တစ်ဧကလျှင် ကျပ်သိန်းနှစ်ထောင်ခန့်ပေါက်ဈေးရှိပြီး ၇ ဒဿမ ၂၉ ဧကကျယ်ဝန်းသဖြင့် ကျပ်သိန်းပေါင်းများစွာ နစ်နာနေကြောင်းသိရသည်။
ထို့ကြောင့်မြို့အတွက်တန်ဖိုးရှိသည့် မြေနေရာတစ်ခုတွင် စီမံကိန်းတစ်ခုအားအကောင်အထည်ဖော်ရန် တင်ပြထားကြောင်းသိရသည်။
စီမံကိန်းတွင် အဆင့်မြင့်ဈေးဝယ်စင်တာအပါအဝင် ကွန်ဒိုအိမ်ရာစီမံကိန်းများပါဝင်မည်ဟုသိရသည်။
ထိုစီမံကိန်းများဆောင်ရွက်ရန်သင့်မသင့်ကို တိုင်းဒေသကြီးဆွေးနွေးဆုံးဖြတ်မည်ဖြစ်ပြီး ယင်းစီမံကိန်းများ ဆောင်ရွက်ရန် လာရောက်ကမ်းလှမ်းထားသည့် လုပ်ငန်းရှင်များလည်းရှိကြောင်းသိရသည်။
စီမံကိန်းဆောင်ရွက်ရာတွင် လက်ရှိစစ်ကိုင်းကားကြီးဝင်းအတွင်းရှိ အမည်ပေါက်ဆိုင်ခန်းရှင်များ နစ်နာမှုမရှိစေရန် အစီအစဉ်များရေးဆွဲထားကြောင်းလည်းသိရသည်။
စီမံကိန်းဆောင်ရွက်ပါက ကားကြီးကွင်းကို အခြားသင့်လျော်သည့်နေရာတစ်ခုသို့ ရွေ့ပြောင်းရမည်ဖြစ်ကြောင်း ပြောကြားထားသည်ဟုသိရသည်။
စစ်ကိုင်းကားကြီးဝင်းအတွင်း ဆိုင်ခန်းပေါင်း ၁၄၆ ခန်းရှိပြီး ကားဂိတ် ၁၁ ဂိတ်ရှိပါသည်။
စစ်ကိုင်းကားကြီးဝင်းအပြင် စစ်ကိုင်းမြို့ဧရာဝတီမြစ် အေးမြဝတီဆိပ်ကမ်းမှ ဝါးချက်ပယ်ငါးဆယ်ရွာအထိ ရေတားနံရံအဖြစ်တာပတ်လမ်းတစ်ခုတည်ဆောက်ပြီးနောက်ထွက်ပေါ်လာမည့် မြေနုကျွန်းများပေါ်တွင် နိုင်ငံတကာအဆင့်မီ အထပ်မြင့် အဆောက်အအုံများ၊ လုံးချင်းအိမ်ရာများ၊ တန်ဖိုးနည်းအိမ်ရာများ၊ ပညာရေးဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများတည်ဆောက် နိုင်ရန်လည်း ပြည်တွင်းကုမ္ပဏီတစ်ခုကတင်ပြထားကြောင်းသိရသည်။
7 Day Daily