မွန်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၁၃၂ သန်းတန် လောင်စာပိုက်လိုင်း၊ ဆိပ်ကမ်းနှင့်သိုလှောင်ကန် တည်ဆောက်မည်


01 March, 2020

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဒေသအတွင်းလိုအပ်ချက်များသာမက အရှေ့အနောက် စီးပွားရေးစင်္ကြ ံလမ်းကြောင်းရှိ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည့် အမေရိကန်ဒေါ်လာ ၁၃၂ သန်းတန် လောင်စာဆီပိုက်လိုင်း၊ ဆိပ်ကမ်းနှင့် သိုလှောင်ကန်တည်ဆောက်ရန်အတွက်မတ်လ ၇ ရက်နေ့တွင် ပန္နက်တင် မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

 ၎င်းကို SMD Oil& Gas Storage Tank and Pipe Line Jetty စီမံကိန်းဟု အမည်ပေးထားပြီး Southern Myanmar Development Co.Ltd မှ ရင်းနှီးမြှုပ်နှံ တည်ဆောက်ခြင်းဖြစ်သည်။

 အဆိုပါစီမံကိန်းကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းဒေသ သပြေကျေးရွာအနီး ပင်လယ်ကမ်းစပ် မြေ ၄၇ ဒသမ ၂၈ ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှု ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 မွန်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက '' စီမံကိန်းကြောင့် မွန်ပြည်နယ်အတွင်း ဓာတ်ဆီနှင့် ဒီဇယ် ဈေးနှုန်းချိုသာမယ်။ ဒါ့အပြင် စွမ်းအင်နဲ့ လောင်စာကဏ္ဍတွင် အထောက်အပံများစွာ ရရှိမယ်။ လူ့စွမ်းအား အရင်းအမြစ်အတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရလာမယ်။ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ ဒေသအတွင်း လိုအပ်ချက်များသာမက အရှေ့အနောက် စီးပွားရေး စီးပွားရေးစင်္ကြ ံလမ်းကြောင်းတစ်လျှောက်တွင်ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုပါ တင်ပို့နိုင်ပြီး မွန်ပြည်နယ်အတွင်း အခွန်အခများစွာ ရရှိလာမှာ ဖြစ်ပါတယ် '' ဟု ပန္နက်တင် မင်္ဂလာအခမ်းအနားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 စီမံကိန်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်မည့်အပြင် လမ်းဖောက်ခြင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

Infrastructure and Zones Read 72 times