ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားကဏ္ဍတိုးမြှင့်ရန် မြို့တွင်းရှိ အထင်ကရနေရာများနှင့် ပန်းခြံများကို လမ်းလျှောက်လမ်းကြောင်းအတိုင်းလည်ပတ်နိုင်မည့် Walking Path များဖန်တီးရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်မြို့တွင်းတွင် Walking Path များဖော်ဆောင်ရာတွင်ဘုရားတစ်ဆူနှင့် တစ်ဆူအထင်ကရနေရာများ တစ်နေရာမှ တစ်နေရာချိတ်ဆက်သွားလာနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး Walking Path ,Walking Tour များတွင်လမ်းလျှောက်လည်ပတ်နိုင်ရန် လမ်းကြောင်းများတွင်မြန်မာ့ယဉ်ကျေးမှုပစ္စည်းများ၊အစားအစာများနှင့် အသုံးအဆောင်ပစ္စည်းများကိုပါရောင်းချမည့်ဆိုင်ခန်းများလည်း လမ်းတစ်လျှောက်ဖွင့်ပေးထားမည်ဖြစ်ကြောင်းသိရသည်။
ယခုလိုဆောင်ရွက်တာကနိုင်ငံတော်အတွက် ဘဏ္ဍာငွေပိုမိုရရှိနိုင်သလိုဒေသခံ များ၏အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကိုလည်းအထောက်အကူပြုနိုင်ပါလိမ့်မည် ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ခရီးသွားများအနေဖြင့်ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ သာသနိက အဆောက်အအုံများ ကိုလိုနိခေတ်လက်ရာအဆောက်အအုံများ၊ ပန်းခြံနှင့် အခြားစိတ်ဝင်စားစရာကောင်းသည့်နေရာများသို့ လမ်းလျှောက်လည်ပတ်နိုင်မည်ဖြစ်သည့်အပြင် တခြားမြို့နယ်ရှိ စိတ်ဝင်စားစရာနေရာသို့လည်း လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်ဆူးလေဘုရား၊မြို့တော်ခန်းမ၊တရားရုံးချုပ်၊မဟာဗန္ဓုလ ပန်းခြံ၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဆောက်အအုံနှင့် အာမေနီယန်ဘုရားကျောင်း စသည့် နေရာတို့တွင် အကောင်အထည်ဖော်ရန်ထည့်သွင်းရေးဆွဲနေကြောင်းသိရသည်။