ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း အပိုင်း(၁) အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို အောက်တိုဘာလအတွင်း အပြီးသတ်ရွေးချယ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောကြားသည်။
‘‘အခု One on One တွေ့ဆုံမှုတွေလုပ်နေတယ်။ ဒုတိယအကြိမ် သြဂုတ်မှာလုပ်မယ်။ ပြန်ညှိနှိုင်းနေတယ်။ စက်တင်ဘာကျရင်ယှဉ်ပြိုင်ရမယ့် သဘောတူညီချက်စာချုပ်ထုတ်ပြန်ပေးရမှာပေါ့။ အဲဒါထုတ်ပြန်ပြီး အပြီးသတ်ကို အောက်တိုဘာကျရင် ကျွန်တော်တို့ရွေးပါမယ်’’ ဟု ဦးကြည်ဇော်မြင့်က ပြောသည်။
အဆိုပါ One on One တွေ့ ဆုံမှုတွင် ဆန်ခါတင်ရွေးချယ်ထားသည့် ကုမ္ပဏီ ၁၀ ခုအနက် ပြင်သစ်ကုမ္ပဏီ VINCI Highways ကုမ္ပဏီသာ လာရောက်ခြင်းမရှိသေးကြောင်း၊ ယင်းကုမ္ပဏီက Request For Proposal (RFP) မတင်တော့ကြောင်း အတည်ပြုမှသာယှဉ်ပြိုင်ခြင်း မရှိတော့ကြောင်းထုတ်ပြန်နိုင်မည်ဖြစ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်မိုးပျံလမ်းစီမံကိန်း အပိုင်း(၁) အတွက် မြန်မာအပါအဝင် ခုနစ်နိုင်ငံမှ ဆန်ခါတင် လျှောက်လွှာ ၁၂ စောင် ရရှိခဲ့သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
ယင်းလျှောက်လွှာများထဲမှ ပြန်လည်စိစစ်ပြီး အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ ၁၀ ခုစာရင်းကို ၂၀၁၈ ဒီဇင်ဘာ ၅ ရက်က ကြေညာခဲ့သည်။ ထုတ်ပြန်ခဲ့သည့် ကုမ္ပဏီ ၁၀ ခုတွင် ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း-တရုတ်ဖက်စပ် ကုမ္ပဏီ၊ မြန်မာဖက်စပ်ကုမ္ပဏီများနှင့် တရုတ်ကုမ္ပဏီငါးခု ပါဝင်သည်။
ရန်ကုန်မြို့ ၏ ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချနိုင်ရန်ရည်ရွယ်ထားသည့် ရန်ကုန်မိုးပျံ အမြန်လမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသည်။
စီမံကိန်းကို ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိုးပျံလမ်းစီမံကိန်းအရှည် ၄၇ ဒသမ ၅ ကီလိုမီတာရှိမည်ဖြစ်ပြီး အပိုင်း (၁) အဖြစ် အရှေ့ဘက်အခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွား ခြောက်ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာအရှည်ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
စီမံကိန်းလုပ်ငန်းကို ၂၀၂၀ ဇူလိုင်တွင် စတင်တည်ဆောက်ရန် စီစဉ်ထားပြီး သုံးနှစ်အတွင်း ပြီးစီးမည်ဟု ခန့်မှန်းထားသည်။