အာရှတိုက်၏ အကြီးမားဆုံးဖြစ်သော waterpark က ဘယ်မှာရှိမလဲ


03 December, 2020

အာရှတိုက်၏ အကြီးမားဆုံးဖြစ်သော waterpark ဖြစ်သော Atlantis Aquaventure Waterpark ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ဆန်ယာသည် တရုတ်ပြည် အရှေ့တောင်ပိုင်း၊ ဟိုင်နန်ကျွန်း၏ တောင်ဘက်စွန်းတွင် တည်ရှိသည့် မြို့ကလေး ဖြစ်သည်။

ဆောင်းဥတုတွင် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှ သက်ကြီးရွယ်အို အငြိမ်းစား များစွာလာရောက်လည်ပတ်လေ့ရှိသည့်နေရာဖြစ်ပြီး တရုတ်ပြည်၏ ဖလော်ရီဒါဟု နာမည်ကျော်သည့်မြို့လည်း ဖြစ်သည်။

ဆန်ယာမြို့၊ ဟိုင်တန်ပင်လယ်ကွေ့တွင် တည်ရှိပြီး အတ္တလန်တစ် ဆန်ယာ အပန်းဖြေစခန်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ခု လည်း ဖြစ်သည်။

အတ္တလန်တစ် ဆန်ယာအပန်းဖြေစခန်းသည် ပင်လယ်သမုဒ္ဒရာမြင်ကွင်းအသွင် ဆောက်လုပ်ထားပြီး Kerzner International ကုမ္ပဏီမှ ဆောက်လုပ်ခဲ့သည့် တတိယမြောက် အတ္တလန်တစ်အပန်းဖြေစခန်း ဖြစ်သည်။

Kerzner International သည် ဒူဘိုင်းတွင် The Palm resort နှင့် ဘဟားမားတွင် the Atlantis တို့ကိုလည်း ဆောက်လုပ်ထားသည်။

ဆန်ယာရှိ Atlantis Aquaventure Waterpark သည် အာရှတိုက်တွင် အကြီးမားဆုံး waterpark ဖြစ်ပြီး စတုရန်းမီတာ ၂၀၀၀၀၀ ခန့် ကျယ်ဝန်းသည်။

Waterpark ဟူသည်ကား ကစားကွင်းဥယျာဉ်တစ်မျိုးဖြစ်ပြီး ငါးကန်များ၊ ရေကူးကန်၊ ရေလွှာလျှော အစရှိသည်တို့ ပါဝင်သည့် အပန်းဖြေဥယျာဉ်တစ်မျိုး ဖြစ်သည်။

Atlantis Aquaventure Waterpark တွင် နောက်ဆုံးပေါ်နည်းပညာသုံး ရေလွှာလျှော ၁၅ ခု ပါဝင်သည်။

အဆိုပါရေလွှာလျှောများကို ProSlide ကုမ္ပဏီက ပံ့ပိုးထားခြင်း ဖြစ်သည်။
ဥယျာဉ်အတွင်း ၁ ဒသမ ၈ ကီလိုမီတာ ရှည်လျားသော မြစ်တစ်ခုလည်း ထည့်သွင်းထားသည့်အပြင် ကလေးများအတွက် ရေလွှာလျှော အသေးစား ၁၉ ခု ပါဝင်သည်။

ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်သော Mobaro Park ကလည်း ကစားကွင်းဥယျာဉ်ကို လည်ပတ်ထိန်းသိမ်းရန်နှင့် လုံခြုံရေးအတွက် နည်းပညာများ လက်တွဲအကူအညီပေးထားသည်။

အတ္တလန်တစ် ဆန်ယာအပန်းဖြေစခန်းသည် စတုရန်းမီတာ ၅၄၀၀၀၀ ခန့်ကျယ်ဝန်းပြီး ပြီးခဲ့သော ဧပြီလ ၂၈ ရက်က ဖွင့်လှစ်ခဲ့သည်။

အပန်းဖြေစခန်းကြီးတစ်ခုလုံးအတွက် စုစုပေါင်းကုန်ကျငွေ ယွမ်ငွေ ၁၁ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံ) ရှိခဲ့သည်။

ဆန်ယာမြို့မြောက်ဘက်ရှိ ၁၀ ကီလိုမီတာရှည်လျားသော ပင်လယ်ကမ်းခြေကို အရှေ့တိုင်း၏ ဟာဝိုင်အီဟု တင်စားကြသည်။

Atlantis Sanya အပန်းဖြေစခန်းမှတစ်ဆင့် တောင်တရုတ်ပင်လယ်၏ ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများကို မျက်စေ့တဆုံး တွေ့မြင်နိုင်သည်။

အထူးခြားဆုံးမှာ ကမ္ဘာ့အကြီးမားဆုံး လဟာပြင်ငါးပြတိုက်ကြီးတစ်ခု ပါဝင်ပြီး The Ambassador Lagoon ဟု အမည်ပေးထားကာ ရေနေသတ္တဝါမျိုးစိတ်ပေါင်း ၈၆၀၀၀ ကျော်ကို ပြသထားသည်။

အပန်းဖြေစခန်းတွင် ဧည့်သည်များတည်းခိုရန် အခန်းပေါင်း ၁၃၁၄ ခန်းလည်း ပါဝင်သည်။

Atlantis Sanya အပန်းဖြေစခန်း၏ မန်နေးဂျင်း ဒါရိုက်တာ က ယခုအပန်းဖြေစခန်းကြီးဖွင့်လှစ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသည်တို့၏ စိတ်နှလုံးတွင် အံ့အားသင့်ဖွယ်၊

မမေ့ပျောက်နိုင်ဖွယ်နေရာတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရမည်ဟု မျှော်လင့်ထားသည်။

#Myanmar Builders Guide
 

Region Read 75 times