ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် စစ်ဘန်ကာများအား အမှီပြုပြီး ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေစခန်း တွဲဖက်ဖော်ဆောင်မည်။
တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာ၊ သစ်တောသင်တန်းကျောင်းဝန်းအတွင်း၌ ဖော်ထုတ်ခဲ့သည့် ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် စစ်ဘန်ကာများအား အမှီပြုပြီး ခရီးသွားလုပ်ငန်းနှင့် အပန်းဖြေစခန်းတွဲဖက်ဖော်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။
ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရအဖွဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်ကစပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နေရာများပြန်လည်ဖော်ထုတ်ခြင်းနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ၊
ရေတာရှည်မြို့နယ်၊ နန်ချွန်ကျေးရွာ၊ သစ်တောသင်တန်းကျောင်းအတွင်းရှိ ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့သည့် ဘန်ကာများ ဖော်ထုတ်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊
ရေတာရှည်မြို့နယ်၊ကရင်ချောင်း(စစ်တောင်းမြစ်ကူးတံတား) အသစ်တစ်စင်းလည်း စီမံကိန်းလုပ်ငန်းများ စတင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊
ဒါကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်များနှင့် အနီးဆုံး ချိတ်ဆက်နိုင်မည်ဖြစ်ပြီး ယင်းနေရာတစ်ဝိုက် လူမှုစီးပွားဘဝများ ပိုမိုမြှင့်မားလာနိုင်မည်ဖြစ်ကြောင်းနှင့်
နိုင်ငံတော်အတွက်လည်း ပြည်တွင်း/ပြည်ပ ဝင်ငွေများ တိုးတက်ရရှိလာနိုင်မည်ဖြစ်ပြီး သမိုင်းဝင် အဆောက်အဦတစ်ခုအဖြစ် ဖော်ထုတ်ရေးအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်းကောင်း၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မြေယာပိုင်ဆိုင်မှုနှင့် ဒုတိယကမ္ဘာစစ် စစ်စခန်းဘန်ကာများနှင့် သဘာဝအခြေခံ အပန်းဖြေဥယျာဉ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အလိုက် အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။