ရန်ကုန်တိုင်းဒေသကြီး အတွင်း Yangon Amata Smart & Eco City စီမံကိန်း ဆောင်ရွက်ရန်အတွက် သြဂုတ် ၂၂ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata Corporation Public Co.,Ltd တို့အကြား မူဘောင်သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး စက်မှုဇုန်တစ်ခုထူထောင်သွားဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ပြောကြားချက်အရ သိရသည်။
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိမ်းက အဖွင့်အမှာစကား ပြောကြားရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း Amata နှင့် ပူးပေါင်းပြီး စက်မှုဇုန်တစ်ခု ထူထောင်ရန်အတွက် ဒီကနေ့ လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်ဒေသကြီး အစိုးရအဖွဲ့တို့အကြား အချိန်ကြာမြင့်စွာ အဆင့်ဆင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ Amata အား ရန်ကုန်သို့ ရောက်စေချင်ပါကြောင်း၊ ဘာကြောင့်လဲဆို ရန်ကုန်မြို့၏ ဖွံ့ဖြိုးတိုးတက်မှု၊ ရန်ကုန်မြို့တွင် လာရောက် ရင်းနှီးမြှုပ်နှံလိုသူများ အတွက် အခွင့်အလမ်းကောင်းများ ပေးနိုင်သော စက်မှုဇုန်တစ်ခု အဖြစ် ပေါ်ထွန်းလာစေချင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် Amata အကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် ရန်ကုန်မြို့၏ အရင်းအမြစ်များအား ပိုမိုတန်ဖိုးရှိသော အခြေအနေတစ်ခု ဖြစ်အောင် ဆောင်ရွက်ချင်ကြောင်း ၊ Amata စက်မှုဇုန်ကြီး အမြန်ဆုံး ရန်ကုန်မြို့တွင် ပေါ်ထွန်းနိုင်ပြီး နောက်ဆုံးနည်းပညာများဖြင့် အဆင့်မြင့် Yangon Amata Smart & Eco City ကြီး ပေါ်ထွန်းစေရန် ဆန္ဒပြုကြောင်း ပြောဆိုခဲ့သည်။
Amata Corporation Public Co.,Ltd ၏ ဥက္ကဋ္ဌ Mr. Vikrom Kromadit က ဂုဏ်ယူ ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata Corporation Public Co.,Ltd တို့အကြား မူဘောင်သဘောတူညီမှု စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။